လာမယ့်နွေစျေးကွက်အတွင်းမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတဲ့ ဂါဘွန်တိုက်စစ်ကစားသမား အူဘာမီယန်းကို ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်တစားရှိနေကြပြီး လက်ရှိ သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်ရဲ့ လန်ဒန်မြို့ခံအသင်းဖြစ်သော ချယ်လ်ဆီးအသင်းပါ ပါဝင်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့တာဖြစ်လို့ သူ့ကို ခေါ်ယူဖို့အတွက် လာမယ့်နွေစျေးကွက်မှာ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)လောက်နဲ့ပဲ ကမ်းလှမ်းရနိုင်ပါတယ်။

Photo Credit : TEAMtalk

အသက်(၃၀)အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူးအူဘာမီယန်းဟာ အာဆင်နယ်ကို ၂၀၁၈ခုနှစ်ကမှ ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၅၆)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ အသင်းနဲ့ အံ့ဝင်အောင် ကစားနိုင်ခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ မရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဝင်ရောက်ကစားခွင့်မရှိတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းဆိုခဲ့ကာ ဒီနှစ်နွေစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

Photo Credit : Goal.com

အူဘာမီယန်းကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီ ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလို့နေပြီး လက်ရှိမှာလည်း ချယ်လ်ဆီးအသင်းကပါ အူဘာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်မှူးတီမိုဝါနာကိုသာ အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး ဝါနာကို မခေါ်ယူနိုင်မှသာ အူဘာမီယန်းကို ကမ်းလှမ်းဖွယ်ရှိပါတယ်။ အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမားကို အသင်းကနေ ရောင်းထုတ်မသွားချင်သလို အလွတ်ပြောင်းရွှေ့ကြေးနဲ့လည်း လက်မလွတ်ချင်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ကိုပဲ စီစဉ်ထားခဲ့ပေမယ့် ကစားသမားဘက်က စိတ်မဝင်စားတာကြောင့် လာမယ့်နွေစျေးကွက်မှာပဲ ရောင်းချရနိုင်ပြီး ချယ်လ်ဆီးအသင်းလို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေဆီကိုတော့ ရောင်းချဖွယ်မရှိလို့ သိရပါတယ်။ အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၂)အထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂၀)တောင် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။