အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားတာဖြစ်ပြီး သူ့လို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် အာဆင်နယ်ပရိသတ်များစွာ ဝမ်းမြောက်ဝမ်းသာခဲ့ရပါတယ်။ ဒါပေမယ့်လည်း အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး မရယူနိုင်ခဲ့တာက မနေ့ညက လက်စတာနဲ့ပွဲစဉ်အထိဆိုရင် (၅)ပွဲအထိတောင် ရှိလာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Daily Mirror

အသက်(၃၁)နှစ်အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၁)ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် အဲ့ဒီပွဲနောက်ပိုင်း ဆက်လက်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲဆက်တိုက် သွင်းဂိုးတွေ မရယူနိုင်ခဲ့ပဲ ဂိုးပေါက်ပျောက်ဆုံးလျက် ရှိနေပါတယ်။ အူဘာမီယန်းအနေနဲ့ ဒီလို လိဂ်ပွဲ(၅)ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခြင်းဟာ ၂၀၁၄ခုနှစ်နောက်ပိုင်း နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး သွင်းဂိုးရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit : Goal

အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှာ အခရာကျတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိ အာဆင်နယ်အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးအများဆုံး ရယူထားတဲ့ ကစားသမားက တိုက်စစ်မှူးလာကာဇက်ဖြစ်ပြီး လိဂ်သွင်းဂိုး(၃)ဂိုး ရယူထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၆)ပွဲကစားထားပြီးနောက်မှာ (၃)ပွဲအထိကို အရေးနိမ့်ခဲ့ရပြီး တိုက်စစ်ကလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)အတွင်း ဝင်ရောက်နေတဲ့ အသင်းတွေထဲမှာ ဝုလ်ဗ်ပြီးရင် ဒုတိယမြောက် ဂိုးအနည်းဆုံးအသင်းအဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ ရပ်တည်လို့နေပါတယ်။ ဒီသွင်းဂိုးပမာဏဟာဆိုရင်လည်း အာဆင်နယ်အသင်းရဲ့လိဂ်ပြိုင်ပွဲ ရာသီ(၂၀)အတွင်း လိဂ်ပွဲ(၆)ပွဲကစားပြီးတဲ့နောက် ဒုတိယမြောက် သွင်းဂိုးအနည်းဆုံး ဖြစ်ခဲ့ရပါတယ်။ နောက်ပြီး မနေ့ညက လက်စတာအသင်းကို အိမ်ကွင်းအမ်းမရိတ်မှာ ရှံးနိမ့်လိုက်ရခြင်းက ၂၀၂ဝခုနှစ်အတွင်း အာဆင်နယ်ရဲ့ ပထမဆုံးသော အိမ်ကွင်းရှံးပွဲဖြစ်ခဲ့ရပြီး ဒီရှံးပွဲကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာအထိ ကျဆင်းနေခဲ့ရပြီး လာမယ့်တစ်ပတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲကျပ်ရင်ဆိုင်ရဦးမှာဖြစ်လို့ အူဘာဂိုးပေါက်ပြန်တွေ့နိုင်မလား အူဘာရဲ့ အာဆင်နယ်ရော ရလဒ်ပြန်ကောင်းနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။