အာဆင်နယ်အသင်းကတော့ အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်ကို အသင်းမှာ နေရာပေးဖို့အတွက်ရော စာချုပ်သက်တမ်းတိုးဖို့အတွက်ပါ ဆန္ဒမရှိတော့တာကြောင့် လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာ မပါဝင်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ပို့ဆောင်သွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ အာဆင်နယ်အသင်းဆီကို ၂၀၁ရခုနှစ်ကတည်းက လိုင်ယွန်အသင်းဆီကနေ ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ(၄)ခုအထိ ဖြတ်သန်းလို့ထားသလို လက်ရှိမှာတော့ သူရဲ့ ပဥ္စမမြောက် ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အတွက် ပွဲပေါင်း (၁၇၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၆၇)ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ လာကာဇက်ဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပေမယ့် ကစားသမားရဲ့ စာချုပ်ကိစ္စကို အသင်းဘက်ရော ကစားသမားဘက်ကပါ ဆန္ဒမရှိပဲ ဖြစ်နေရပါတယ်။

Photo Credit : Just Arsenal

လာကာဇက်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာသာ လူစားဝင် ကစားသမားအဖြစ် မိနစ်(၃၀)ခန့်လေးသာ ပါဝင်ကစားထားရပြီး ဝင်ဘယ်ဒန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာပဲ ပွဲချိန်ပြည့် ကစားထားခဲ့ရကာ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲ ပွဲထွက်ကစားခွင့်တွေ ဆုံးရှုံးလျက် ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေရတဲ့ လာကာဇက်ကို အာဆင်နယ်အသင်းက လာမယ့် ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ အသင်းကနေ အေစီမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ ထွက်ခွာခွင့်ပြုသွားဖို့ပါ ကမ်းလှမ်းထားတယ်လို့ အီတလီ အခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ လာကာဇက်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ အေစီမီလန်အသင်းလည်း ပါဝင်နေပေမယ့် လာကာဇက်ရဲ့ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းခွဲကို ပေးချေသွားဖို့က မီလန်အတွက် အခက်အခဲတစ်ခု ဖြစ်လို့နေနိုင်တာကြောင့်ရော အသင်းရဲ့ တု်ိက်စစ်ပိုင်းမှာက ဂျရူး မိုဗစ် လီယာအို ရယ်ဘစ်တို့လို ကစားသမားတွေ ရှိနေတာကြောင့် လာကာဇက်ကို ခေါ်ယူဖို့က မလိုအပ်သေးတဲ့ အနေအထား ဖြစ်နေရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ဆီဗီလာ တိုက်စစ်ကစားသမား အန်နက်ဆီရီကို ခေါ်ယူဖို့အတွက်ပါ လာကာဇက်ကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အသုံးချဖွယ်ပါ ရှိနေပါတယ်။