အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဆီးမင်းက သူရဲ့အသင်းဟောင်းအနေနဲ့ အတောင့်တင်းဆုံးပုံစံကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဝီလ်ဖရက်ဒ်ဇာဟာကို အသင်းဆီ အရခေါ်ယူသင့်သလို လက်ရှိအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံနေရတဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် မက်ဇတ်အိုဇေးကိုလည်း အရင်လို နေရာပြန်လည်ပေးသင့်တယ်လို့ အကြံပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီး ဒေးဗစ်ဆီးမန်းက အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဇာဟာကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် တိုက်စစ်ပိုင်းက အရမ်းတိုးတတ်ကောင်းမွန်လာလိမ့်မယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဆီမန်းက “ဇာဟာ အာဆင်နယ်အတွက် အကောင်းဆုံးသော ဖြည့်တင်းမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူက တကယ့်ကို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမား ဖြစ်နေလို့ပါ။ သူကလည်း အသင်းကို ရောက်ရှိလာချင်တယ်လို့ ဖွင့်ဟခဲ့ပြီးမှ အပြောင်းအရွှေ့က ဘာကြောင့်ဖြစ်မလာခဲ့ရလဲဆိုတာကိုတော့ ကျွန်တော်လည်း နားမလည်နိုင်ခဲ့ဘူး”

Photo Credit : The Sun

“အေးဂျင့်နဲ့ အသင်းတွေရဲ့ကြားမှာ သဘောတူညီမှု တစ်စုံတစ်ရာ မရယူနိုင်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မယ်။ ဒါက အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူကတော့ အာဆင်နယ်အသင်းရဲ့ ပရိသတ်တစ်ယောက်ဆိုတာကိုတော့ လူသိရှင်ကြား ပြောဆိုထားခဲ့ဖူးပါတယ်။ သူသာ အသင်းကို ရောက်ရှိလာမယ်ဆိုရင် အသင်းအတွက် သေချာပေါက်အကျိုးရှိမယ်ဆိုတာ သံသယဝင်စရာကို မလိုပါဘူ” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ဇာဟာကို ခေါ်ယူဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဇာဟာရဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ နီကိုလပ်စ်ပေပေကိုပဲ ခေါ်ယူခဲ့ဖြစ်ပါတယ်။ ဆက်လက်ပြီး ဆီမန်းက အိုဇေးနဲ့ပတ်သက်ပြီးတော့ကိုလည်း “အာတီတာအနေနဲ့ အိုဇေးကို လူစာရင်းကနေ ချန်လှပ်ထားဖို့ ဆုံးဖြတ်ထားခြင်းအပေါ် အရမ်းအံ့သြမိပါတယ်။ သူက တကယ့်ကို အရည်အသွေးမြင့်မားတဲ့ ကစားသမားပါ။ ဒါက သူတို့နှစ်ယောက်ကြားက Personal ကိစ္စတွေကြောင့်လို့ ထင်မိတယ်။ အိုဇေးကို ဒီအတိုင်းသာ ဆက်လက်ချန်လှပ်ထားဦးမယ်ဆိုရင် ငွေရောအချိန်ရော ဖြုန်းတီးနေသလို ဖြစ်နေမှာပါပဲ။ သူက အခုထိကို အရည်အသွေးရှိနေဆဲ ကစားသမားပါ။ အခုနေ အာဆင်နယ်အသင်းကို ကြည့်လိုက်မယ်ဆိုရင် အိုဇေးလို ကစားသမားမျိုးကို လိုအပ်နေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါကြောင့် သူ့ကို အသင်းကနေ ရောင်းချတာထက် အသင်းမှာပဲ ဆက်လက်အသုံးပြုတာက ပိုအကျိုးရှိစေမှာပါ” လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။