မန်ချက်စတာယူနိုက်တက် နာပိုလီအသင်းတွေနဲ့အပြိုင် လိုင်လီအသင်းရဲ့ဘရာဇီးနောက်ခံကစားသမား ဂါဘရီရယ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ အခုဆိုရင် ဒီကစားသမားလေးကို ပြောင်းရွှေ့ကြေး ပေါင်(၂၂)သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှု အရယူသွားနိုင်ခဲ့ပြီဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ကျန်တဲ့အသင်းတွေထက် အာဆင်နယ်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ် ဘရာဇီးဗဟိုနောက်ခံကစားသမား ဂါဘရီရယ်ဟာ ဒီနှစ်ရာသီမှာ လိုင်လီအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသလို့ထားပြီး အသင်းကိုလည်း ပြင်သစ်လီဂူး အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဥရောပကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်စားလာခဲ့တာဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း လိုင်လီကနေ ထွက်ခွာချင်နေတာကြောင့် ဒီနွေစျေးကွက်မှာပဲ အသင်းကနေ အသင်းပြောင်းဖို့ စီစဉ်လာခဲ့တာဖြစ်ပြီး အခုဆိုရင် အာဆင်နယ်အသင်းရဲ့ကစားသမားသစ်ဖြစ်လာဖို့ အရမ်းကို နီးစပ်နေခဲ့ရပါတယ်။

Photo Credit : Daily Mail

အာဆင်နယ်အသင်းကလည်း ပြီးခဲ့တဲ့ရာသီအတွင်း အသင်းရဲ့ခံစစ်ပိုင်းအားနည်းချက်တွေကြောင့် ရလဒ်ပိုင်းတွေ ဆိုးရွှားခဲ့ရပြီး ဒီနွေစျေးကွက်အတွင်းမှာလည်း ခံစစ်ကစားသမားတွေကိုလည်း ရောင်းထုတ်သွားဖွယ်ရှိနေတဲ့အတွက် ဂါဘရီရယ်လို အရည်အသွေးမြင့် နောက်ခံလူတစ်ယောက်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်တဲ့အပြင် မနှစ်က နွေစျေးကွက်အတွင်း စိန့်အက်တီယန်အသင်းကနေ ခေါ်ယူထားတဲ့ ဆာလီဘဟာလည်း လာမယ့်ရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ ပွဲထွက်ကစားနိုင်တော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဂါဘရီရယ်ကို မခေါ်ယူနိုင်ခင်မှာလည်း ဂါဘရီရယ်လို ဘရာဇီးကစားသမားတစ်ယောက်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ဝါရင့်တောင်ပံကစားသမားကြီး ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး အသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကိုလည်း စာချုပ်သက်တမ်းတိုးဖို့ အနီးစပ်ဆုံး ဖြစ်လို့နေပါတယ်။ အာဆင်နယ်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် အသက်လက်တီကိုကွင်းလယ်လူ သောမတ်စ်ပါတေးကိုပါ အရခေါ်ယူဖို့ ထပ်မံကြိုးစားလို့နေပါတယ်။