ကိုပါအီတလီယာဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျုဗင်တပ်စ်ကိုအနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့တဲ့ စီးရီးအေထိပ်သီးကလပ် နာပိုလီအသင်းဟာ အာဆင်နယ် ချယ်လ်ဆီးနဲ့ အခြားသော ဥရောပထိပ်သီးအသင်းပေါင်းများစွာရဲ့ပစ်မှတ်ဖြစ်လို့နေတဲ့ လိုင်လီနောက်ခံကစားသမား ဂါဘရီရယ်မာဂါလက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နဲ့ သဘောတူညီမှု ရယူသွားနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Fanpage

အသက်(၂၂)နှစ်အရွှယ် ဘရာဇီးနောက်ခံကစားသမား ဂါဘရီရယ်ကို ပရီးမီးယားလိဂ် နာမည်ကျော်အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကနေ အဓိကပစ်မှတ်ထားခဲ့တာဖြစ်သလို ချယ်လ်ဆီးအသင်းနဲ့လည်း ကောလဟာလသတင်းတွေ ထွက်ပေါ်ဖူးခဲ့ပေမယ့် လက်ရှိမှာတော့ နာပိုလီအသင်းနဲ့ အီတလီစီးရီးအေမှာ ခြေချဖို့က ဖြစ်နိုင်ခြေအရမ်းများသွားပြီလို့ FootMercato ကနေ ဖော်ပြလာခဲ့ပါတယ်။ နာပိုလီအသင်းဟာ ဂါဘရီရယ်အတွက် ပေါင်သန်း(၂၀)ဝန်းကျင်လောက် လိုင်လီအသင်းဘက်ကို ပေးချေသွားမယ်လို့ ကမ်းလှမ်းခဲ့ရာ လိုင်လီအသင်းဘက်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ FootMercato မှာ တဆက်တည်း ဖော်ပြထားခဲ့ပါတယ်။

 

Photo Credit : Youtube

နှစ်စဉ်နှစ်တိုင်း ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေတဲ့ လိုင်လီအသင်းဟာ အခုလို အသင်းပေါင်းများစွာ ပစ်မှတ်ထားခံနေရတဲ့ သူတို့ရဲ့ဗဟိုခံစစ်ကစားသမားလေးကို ၂၀၁၇ခုနှစ်ကမှ ဘရာဇီးကလပ် Avai အသင်းကနေ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ အသင်းကို ရောက်ရောက်ချင်းမှာတော့ ချက်ချင်းကစားခွင့်မရခဲ့ပဲ ခရိုအေးရှား နာမည်ကျော် ဒိုင်နမိုဇာဂရက်ဇ်လူငယ်အသင်းဆီ အငှားချခံရပြီး မနှစ်က ဘောလုံးရာသီမှပဲ လိုင်လီအသင်းအတွက် စတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဘရာဇီးနောက်ခံလူပီပီ ခံစစ်စွမ်းရည် ကောင်းမွန်လှမှုကြောင့် အချိန်တိုလေးအတွင်းမှာပဲ လိုင်လီရဲ့အမာခံနောက်ခံလူတစ်ယောက် ဖြစ်လာခဲ့သလို အသင်းကြီးတွေကပါ သူ့ကို စိတ်ဝင်စားလာခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း လိုင်လီအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲအထိ ပါဝင်ပေးထားခဲ့တဲ့ ဂါဘရီရယ်ဟာ သူရဲ့အသင်းသစ်ဖြစ်လာတော့မယ့် နာပိုလီမှာ တစ်ပတ်လုပ်ခ ပေါင်(၁၈၀၀၀၀)လောက်အထိ ရရှိနိုင်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုရမှာဖြစ်သလို အသင်းနဲ့ လမ်းခွဲသွားတော့မယ့် ကူလီဘလီနေရာကို ဆက်ခံရဖွယ်ရှိနေပါတယ်။