ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ အာဆင်နယ်အသင်းဟာ မကြာခင်မှာပဲ ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီဘောလုံးသမားစျေးကွက်အတွင်း အသင်းမှာ လိုအပ်နေတဲ့ နေရာတစ်ခုဖြစ်တဲ့ ကွင်းလယ်တိုက်စစ်အတွက် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဟန်ဂေရီကြယ်ပွင့် ကစားသမားလေး ဒိုမီနစ်ဆာဘော့ဇ်လိုင်းနဲ့ ဖြည့်တင်းသွားဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဆာဘော့ဇ်လိုင်းဟာ လိုက်ပ်ဇစ်အသင်းကိုပဲ ပြောင်းရွှေ့ဖြစ်ဖို့က အခြေအနေများနေခဲ့ပြီလို့ သိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၀)သာရှိသေးတဲ့ ဟန်ဂေရီလက်ရွေးစင် ကွင်းလယ်ကစားသမားလေး ဆာဘော့ဇ်လိုင်းဟာ ၂၀၁၈ခုနှစ်ကမှ ဆာလ်ဇ်ဘာ့ဂ်အသင်းကို ရောက်ရှိလာခဲ့တဲ့ဖြစ်ပြီး ရောက်ရောက်ချင်းနှစ်မှာပဲ အသင်းအတွက် အတော်လေးကို ခြေစွမ်းပြခဲ့ကာ ပြိုင်ပွဲစုံပွဲပေါင်း(၈၀)အတွင်း သွင်းဂိုးပေါင်း(၂၅)ဂိုးနဲ့ (၃၃)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆာဘော့ဇ်လိုင်းဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၉) ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၉)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

သြစတြီးယားမြေမှာ ခြေစွာနေတဲ့ ဒီလူငယ်ကစားသမာလေးကို အာဆင်နယ်အပါအဝင် ဘိုင်ယန်မြူးနစ် ရီးရဲလ်မက်ဒရစ် အေစီမီလန် စပါး လက်စတာနဲ့ လိုက်ပ်ဇစ်အသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ကြပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို ကွင်းလယ်ကနေ ဖန်တီးပေးနိုင်မယ့် ကွင်းလယ်ဖန်တီးရှင်တစ်ဦး အလိုရှိနေတဲ့ အာဆင်နယ်နဲ့ သတင်းတွေ ပိုထွက်ပေါ်ခဲ့ပါတယ်။ အရည်အသွေးလည်း ကောင်းမွန်လာပြီး အသက်အရွှယ်လည်း ငယ်ရွှယ်သေးပေမယ့် သူ့ကို ဆာလ်ဇ်ဘာ့ဂ်အသင်းဘက်ကနေ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင်(၂၃)သန်းဝန်းကျင်လောက်သာ ချုပ်ဆိုထားခဲ့တာဖြစ်လို့ အလွန်ကို တန်လွန်းလှတဲ့ ပမာဏဖြစ်ခဲ့ရပြီး လာမယ့်ဆောင်းရာသီမှာပဲ လက်လွတ်ရဖို့ နီးစပ်လာခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကိုယ်တိုင်ကပါ အသင်းမှာ အိုဇေးကို ပြန်လည်နေရာပေးဖို့ထက် ဆာဘော့ဇ်လိုင်းကို ခေါ်ယူပြီး အသင်းရဲ့ နံပါတ်(၁၀)မှာ အသုံးပြုဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း Sky Sports Germany ရုပ်သံရဲ့ ဖော်ပြချက်တွေအရ ဆာဘော့ဇ်လိုင်းဟာ အကျိုးတူမိတ်ဖက်အသင်းတွေဖြစ်တဲ့ ဆာလ်ဇ်ဘာ့ဂ်ကနေ လိုက်ပ်ဇစ်ကို ရောက်ရှိသွားဖို့ ရာခိုင်နှုန်းများလို့နေပြီး အပြောင်းအရွှေ့ဟာလည်း သိပ်မကြာခင်မှာပဲ ဖြစ်ပေါ်တော့မယ်လို့ သိရှိရပါတယ်။ အူပါမယ်ကာနို ဟိုင်ဒရာ ဂူလာချီတို့ ကစားသမားကောင်းတွေဟာလည်း ဆာလ်ဇ်ဘာ့ဂ်ကနေ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့လာခဲ့သူတွေဖြစ်လို့ ဆာဘော့ဇ်လိုင်းလည်း သူရဲ့စီနီယာတွေရဲ့ ခြေရာကိုနင်းပြီး ဂျာမန်မြေဆီကိုပဲ ရောက်ရှိဖွယ် ရှိနေပါတယ်။