အာဆင်နယ်အသင်းကတော့ မနေ့ညက အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)ကို ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်သွားခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီကို အဆင့်(၈)ကနေ အဆင့်(၁၀)အတွင်းမှာ ရပ်တည်ပြီး ရာသီသိမ်းရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ အက်အေဖလားရဲ့လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ကို ဆက်တိုက်အနိုင်ရရှိထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်အတွင်း ဗီလာနဲ့အတွေ့မှာတော့ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှတောင်မရှိပဲ အ့ံအားသင့်စဖွယ် အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Stanard

ဒီရှံးပွဲကြောင့် အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အဝေးကွင်းနိုင်ပွဲက (၄)ပွဲသာရှိခဲ့ရပြီး အဆင့်(၁၀)အတွင်း အသင်းတွေအားလုံးထဲမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့အတူ အဝေးကွင်းနိုင်ပွဲအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရသလို ဒီနှစ်ဘောလုံးရာသီကိုလည်း အဆင့်(၈)(၉)(၁၀)ထဲက တစ်ခုခုနဲ့သာ ရာသီသိမ်းရတော့မှာဖြစ်လို့ ၁၉၉၅ခုနှစ်နောက်ပိုင်း အဆိုးရွှားဆုံးရာသီအဖြစ်နဲ့ပါ စံချိန်တင်သွားခဲ့ရပါတယ်။ ၁၉၉၅ခုနှစ်တုန်းက အာဆင်နယ်အသင်းဟာ အဆင့်(၁၂)နဲ့ ဘောလုံးရာသီသိမ်းခဲ့ရတာဖြစ်ပြီး အဲ့ဒီတုန်းက အသင်းရဲ့စွမ်းဆောင်ရည်က အတော်လေးကို ဆိုးရွှားခဲ့ပြီး အဓိက အိမ်ကွင်းစွမ်းရည် ညံဖျင်းခဲ့တာဖြစ်ပါတယ်။

Photo Credit : Arsenblog

အဲ့ဒီအချိန်တုန်းက အာဆင်နယ်မှာ (၉)နှစ်တာနီးပါးလောက် ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီး ဂျော့ဂရေဟမ် အသင်းနဲ့လမ်းခွဲသွားခဲ့တာကြောင့် ယာယီနည်းပါးနဲ့ နှစ်ပါးသွားရချိန်မှာ အသင်းရဲ့ရလဒ်တွေက ထိုးကျသွားခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာလည်း အာဆင်နယ်အသင်းဟာ နည်းပြအပြောင်းအလဲတွေ ဖြစ်ခဲ့ပေါ်ခဲ့ရပြီး အူနိုင်းအမ်မရီ ထုတ်ပယ်ခံရပြီးနောက်မှာ ယွန်းဘတ်က ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သလို အဲ့ဒီနောက်မှာတော့ အာတီတာက နည်းပြသစ်အဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။ အာတီတာလက်အောက်မှာ အာဆင်နယ်အသင်းက လမ်းကြောင်းမှန်ကို ပြန်လည်တတ်လှမ်းခဲ့ပေမယ့် အဝေးကွင်းရောက်တိုင်း ရုန်းကန်နေရတဲ့ အခြေအနေကိုတော့ ပြန်မပြင်ဆင်နိုင်သေးပဲ အဝေးကွင်းမှာ ရှံးပွဲ(၇)ပွဲအထိကို ရှိခဲ့ရပါတယ်။ နောက်ပြီး တစ်ရာသီလုံးမှာ ရှံးပွဲ(၁၀)ပွဲအထိ ရှိခဲ့တာဆိုရင်လည်း (၃)ရာသီဆက်တိုက်တောင် ရှိနေခဲ့ပြီဖြစ်လို့ ၁၉၈၁ခုနှစ်ကနေ ၁၉၈၈ခုနှစ်အတွင်းထိ အသင်းရဲ့အဆိုးရွှားဆုံးကာလတွေက စံချိန်ဆိုးတွေနဲ့ပါ တူညီခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အာဆင်နယ်ဟာ အက်အေဖလားဖိုင်နယ်ကို တတ်ရောက်ထားတာမို့ ဒီဖလားဟာ အာဆင်နယ်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသလို ဖလားရရင် ယူရိုပါလိဂ်ကိုလည်း တတ်ရောက်နိုင်မှာဖြစ်လို့ အက်အေဖလားကိုတော့ အပြည့်အဝကို အာရုံစိုက်ထားမှာ သေချာပါတယ်။