စည်းကမ်းပိုင်းအားနည်းချက်တွေနဲ့ ပြသာနာရှာတတ်မှုတွေကြောင့် လတ်တလောမှာ အာဆင်နယ်အသင်းနည်းပြ မီခဲလ်အာတီတာနဲ့ အဆင်မပြေဖြစ်လို့နေတဲ့ မက်တီအိုဂွမ်ဒူဇီကို ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကနေ အဓိကပစ်မှတ်ထားလျက်ရှိနေကြပြီး ကစားသမားကိုလည်း အာဆင်နယ်အသင်းဘက်ကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လျက်ရှိနေကာ ဂွမ်ဒူဇီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀)လောက်အထိ အလိုရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : Daily Express

အသက်(၂၁)အရွှယ်ရှိ ပြင်သစ်ကွင်းလယ်ကစားသမား ဂွမ်ဒူဇီဟာ ဘရိုက်တန်အသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမား မူပေးနဲ့ အချေအတင်ဖြစ်ခဲ့ပြီးနောက် မူပေးရဲ့လုပ်ခလစာနဲ့ပတ်သက်ပြီးတော့ကိုလည်း ဝေဖန်လှောင်ပြောင်မှုတွေ လုပ်ခဲ့သေးတာကြောင့် အဲ့ဒီနောက်ပိုင်းကတည်းက အာတီတာရဲ့စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်လာခဲ့ကာ ပွဲထွက်ခွင့်တွေပါ နည်းပါးလာခဲ့ရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေရှိနေတဲ့ ဂွမ်ဒူဇီကို အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး ဂွမ်ဒူဇီကလည်း အာဆင်နယ်နဲ့လမ်းခွဲဖို့ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Today Headline

အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ဂွမ်ဒူဇီကို အသင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လတ်တလောမှာတော့ ကွင်းလယ်ပိုင်းအားဖြည့်တင်းမှုတွေ လုပ်ဆောင်ကြဖွယ်ရှိနေတဲ့ ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်အသင်းတို့က ဂွမ်ဒူဇီကို အပြိုင်စိတ်ဝင်စားလို့နေပါတယ်။ အာဆင်နယ်က သူတို့ရဲ့ကစားသမားအတွက် အနည်းဆုံးအနေနဲ့ ပေါင်သန်း(၄၀)လောက်အထိကို အလိုရှိနေပြီး ဂွမ်ဒူဇီကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းနဲ့ ကစားသမားအလဲအထပ်လုပ်ဖို့ကိုလည်း ပြင်ဆင်လျက်ရှိနေပြီး ကော်တင်ဟိုနဲ့ ဂွမ်ဒူဇီကို လဲလှယ်နိုင်ဖို့အတွက်ကိုပါ ကြိုးပမ်းလျက်ရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဂါနာလက်ရွေးစင် ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာလည်း ဂွမ်ဒူဇီကို အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်လို့နေပါတယ်။ ဂွမ်ဒူဇီဟာ ၂၀၁၈ခုနှစ်ကမှ ပြင်သစ်ကလပ် လော်င်္ရီးယန့်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နည်းပြဟောင်းအူနိုင်းအမ်မရီလက်အောက်မှာ ပွဲထွက်ခွင့်တွေများစွာ ပိုင်ဆိုင်ခဲ့ပေမယ့် အာတီတာနည်းပြဖြစ်လာချိန်မှာတော့ သူရဲ့အမှုအကျင့်တချို့ကြောင့် ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ရပါတယ်။