အာဆင်နယ်အသင်းကတော့ လာမယ့်နှစ်လောက်မှာပဲ သူတို့အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ်ရှိနေတဲ့ ညာနောက်ခံကစားသမား ဟက်တာဘယ်လာရင်ရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် အင်တာမီလန်အသင်းမှာ ခြေစွမ်းပြသလို့နေတဲ့ မော်ရိုကိုနောက်ခံအစွန်လူ ဟာခီမီကို ခေါ်ယူသွားဖို့ မျက်စိကျလျက်ရှိနေပြီး လက်ရှိမှာ အင်တာအသင်းက ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဟာခီမီအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရလာမယ်ဆိုရင် အသင်းကနေ ရောင်းချသွားဖွယ် ရှိနေပါတယ်။

Photo Credit : Anadolu Agency

အသက်(၂၂)နှစ်အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် နောက်ခံကစားသမား ဟာခီမီဟာ ဘယ်အစွန်မှာရော ညာအစွန်မှာပါ ပါဝင်ကစားတတ်တဲ့ အရည်အသွေးမြင့် ကြယ်ပွင့်ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ရီးရဲလ်မက်ဒရစ်ကနေ အင်တာမီလန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဟာခီမီဟာ ဒီရာသီမှာ အင်တာအသင်းအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၆)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပြီး အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် ဟာခီမီကို အသင်းမှာ ဆက်ထိန်းထားဖို့က ခက်ခဲရနိုင်ပါတယ်။

Photo Credit : Sempreinter

အင်တာမီလန်အသင်းဟာ လက်ရှိမှာ အသင်းဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်လည်း အင်တာဟာ ဟာခီမီကို ရီးရဲလ်ကနေ ခေါ်ယူထားခဲ့စဉ်ကတည်းက ပြောင်းရွှေ့ကြေးကို အပြီးသတ်ပေးချေနိုင်ခြင်း မရှိတာကြောင့် လက်ကျန်ပြောင်းရွှေ့ကြေးကို အရစ်ကျပေးချေနေခဲ့ရာ လက်ရှိအသင်းရဲ့ စီးပွားရေးအခြေအနေ မကောင်းမွန်မှုကြောင့် လက်ကျန်ပြောင်းရွှေ့ကြေးတွေကို ထပ်မံပေးချေဖို့က ခက်ခဲနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ အင်တာအနေနဲ့ ဟာခီမီကို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)လောက်နဲ့ကို ရောင်းချသွားဖွယ် ရှိနေပြီး ဟာခီမီကိုလည်း အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့တွေက အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။ အာဆင်နယ်အသင်းက လာမယ့်စျေးကွက်အတွင်း သူတို့အသင်းရဲ့ စပိန်ညာနောက်ခံကစားသမား ဘယ်လာရင်ကို သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်လည်လက်လွတ်ပေးရဖွယ် ရှိနေတာကြောင့် သူရဲ့နေရာမှာ အစားထိုးဖို့အတွက် ဟာခီမီကို အလိုရှိခဲ့တာဖြစ်ကာ ဟာခီမီကိုလည်း အာဆင်နယ်က လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်လောက်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတာဖြစ်ပါတယ်။