အာဆင်နယ်အသင်းက လာမယ့်နွေမှာ ကစားသမားသစ် ခေါ်ယူဖြည့်တင်းဖို့အတွက် ဘီလ်ဘာအိုအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ တောင်ပံကစားသမားလေး နီကို ဝီလီယံစ်ကို စိတ်ဝင်စားနေပြီး အသင်းက ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ စပိန် လက်ရွေးစင် ဘယ်တောင်ပံ ကစားသမားလေး ဝီလီယံစ်ဟာ မကြာသေးခင်ကမှ ဘီလ်ဘာအိုအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားသူဖြစ်ပြီး သူရဲ့ လက်ရှိတန်ကြေးဟာလည်း အနည်းဆုံး ယူရို သန်း(၅၀)လောက်အထိ ရှိနေပါတယ်။

Photo Credit : Football Espana

၂၀၂၁-၂၂ ဘောလုံးရာသီကမှ ဘီလ်ဘာအိုအသင်းအတွက် ပွဲကစားခွင့်တွေ ပုံမှန် ရရှိလာခဲ့တဲ့ ဝီလီယံစ်ဟာ သူရဲ့ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေမယ့် နောက်တစ်ရာသီမှာတော့ (၄၃)ပွဲကစား (၉)ဂိုးသွင်း (၆)ဂိုးအထိ ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဝီလီယံစ်က အခုရာသီမှာလည်း (၂၄)ပွဲကစားပြီးချိန် (၅)ဂိုးသွင်း (၁၀)ဂိုးအထိတောင် ဖန်တီးပေးထားနိုင်ခဲ့ပြီး အတော်လေးကို ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဝီလီယံစ်က စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားအပါအဝင် (၁၁)ပွဲခန့်အထိတောင် ပါဝင်ပေးထားနိုင်ပါတယ်။

Photo Credit : Gooner Talk

အသက် (၂၁)နှစ်အရွယ်နဲ့တင် ဒီလောက်အထိ စွမ်းဆောင်ထားနိုင်သူ နီကို ဝီလီယံစ်ကို ဘာစီလိုနာ ရီးယဲလ်မက်ဒရစ် လီဗာပူးလ် ဗီလာအသင်းတွေက စတင် စိတ်ဝင်စားလာခဲ့သလို အခု အာဆင်နယ်အသင်းကပါ ကင်းထောက်တွေနဲ့ ဝီလီယံစ်ရဲ့ ခြေစွမ်းတွေကိုလည်း စောင့်ကြည့်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘယ်တောင်ပံနေရာမှာ မာတင်နယ်လီ ထရိုဆက်ဒ်တို့လို အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပေမယ့် ဝီလီယံစ်ကိုလည်း စိတ်ဝင်စားလျက် ရှိနေသလို အထောင်တိုက်စစ် နေရာအတွက် အိုင်ဗန် တိုနေးအပြင် ဗစ်တာ အိုဆီမန်ကိုလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။