ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အသင်းတွင်းမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမားတွေ ၊ ဒဏ်ရာရ ကစားသမားတွေနဲ့ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေ များပြားနေတာကြောင့် ယခု သီတင်းပတ် အကုန်မှာ ကစားရမယ့် စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေလို့ ပြောရမယ့် ပါတေး ၊ အယ်နီနီ ၊ ပေပေ ၊ အူဘာမီယန်း စတဲ့ ကစားသမားတွေကို အာဖရိကဖလား ပြိုင်ပွဲဆီ စေလွှတ်ထားရသလို နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် အိုဒီဂတ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
Photo Credit: Daily Mail
ဒါ့အပြင် ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုမီယာဆု ၊ စမစ်ရိုဝီ ၊ ဆာကာ စတဲ့ ကစားသမားတွေကလည်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေသလို ဝါရင့် ကွင်းလယ်လူ ချာကာကလည်း အနီကတ်ကြောင့် ၃ပွဲပယ် ပြစ်ဒဏ်ကျခံနေရပါတယ်။
ဒီအချက်တွေကြောင့်ပဲ အာဆင်နယ်အသင်းမှာ ကစားသမား အင်အားနည်းပါးနေပြီး ကြံ့ခိုင်မှု ပြည့်ဝတဲ့ ကစားသမား အင်အားကလည်း ၁၅ဦးသာ ရှိတော့တာကြောင့် စပါးအသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်ပေးရန် တောင်းဆိုခဲ့တာပါ။
Photo Credit: Daily Mail
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပြီး စပါးအသင်း ကတော့ ပွဲကန်ဖို့ ၁ရက်ကျော်သာ လိုတော့တဲ့ အချိန်မှ ပွဲရွှေ့ပေးဖို့ တောင်းဆိုခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ လုပ်ရပ်ကို ဒေါသထွက်နေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ် ကတော့ အာဆင်နယ်အသင်းရဲ့ တောင်းဆိုမှုနဲ့ ပတ်သတ်ပြီး ယနေ့မှာ အစည်းအဝေး တခု ပြုလုပ်ကာ ပွဲရွှေ့မလား ၊ ဒါမှမဟုတ် စီစဉ်ထားတဲ့ အတိုင်းပဲ ကစားခိုင်းမလား ဆိုတာကို ဆုံးဖြတ်မယ်လို့ တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။