မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အသင်းငယ်လေးတွေတချို့မှာ အငှားကစားသမားအဖြစ် ကျင်လည်ဖြတ်သန်းခဲ့ပြီးနောက် ယူနိုက်တက်ရဲ့စီနီယာကစားသမားတစ်ယောက် ဖြစ်လာခဲ့တဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ အစပိုင်းတွေတုန်းက အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့်လည်း နာမည်တဖြည်းဖြည်း ရလာချိန်မှာတော့ ပြင်ပစီးပွားရေးဘက်ကို စိတ်ရောက်သွားခဲ့လို့ ကွင်းအတွင်းခြေစွမ်းတွေ ကျဆင်းလာခဲ့ရာ အခုဆိုရင် သူအရမ်းချစ်မြတ်နိုးတဲ့ ယူနိုက်တက်အသင်းနဲ့ပင် လမ်းခွဲရတော့မယ့် အနေအထားအထိပါ ရောက်ရှိနေခဲ့ရပါတယ်။

Photo Credit : CaughtOffside

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်လောက်ကနေစတင်ပြီး ယူနိုက်တက်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ အခုချိန်ထိကိုဖြစ်ကာ ယူနိုက်တက်နည်းပြဆိုးလ်ရှားကိုယ်တိုင် လင်ဂတ်အပေါ်မှာ သည်းခံစိတ်ကုန်ဆုံးလာခဲ့သလို အသင်းကနေတောင် ရောင်းထုတ်ဖို့အထိ ပြင်ဆင်လာခဲ့ပါတယ်။ လင်ဂတ်ကိုယ်တိုင်လည်း သူ့ကိုနေရာမပေးတော့တဲ့ ယူနိုက်တက်ကနေ ထွက်ခွာချင်နေပြီး လက်ရှိမှာတော့ သူ့ကို ယူနိုက်တက်ပြိုင်ဘက် အာဆင်နယ်အသင်းဘက်ကနေ ခေါ်ယူဖို့ပစ်မှတ်ထားလျက်ရှိနေပါတယ်။

Photo Credit : Metro

The Athletic သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်ယို့စ်ကို အပြီးသတ်ခေါ်ယူနိုင်ခြင်းမရှိလို့ ယူနိုက်တက်ကနေ လင်ဂတ်ကို အစားထိုးခေါ်ယူချင်တာဖြစ်တယ်လို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိ ရာအူးဆန်လီဟီကိုယ်တိုင်ကလည်း လင်ဂတ်ရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာကြောင့် လင်ဂတ်ကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းဘက်ကနေ ရေပန်းအစားဆုံး ဖြစ်လို့နေရတာပဲဖြစ်ပါတယ်။ လင်ဂတ်က ယူနိုက်တက်အသင်းနဲ့ လာမယ့် (၂၀၂၁)ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဒီနွေစျေးကွက်အတွင်းမှာ မရောင်းချနိုင်ဘူးဆိုရင်တော့ ယူနိုက်တက်အနေနဲ့ လင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာဖြစ်ပါတယ်။ လင်ဂတ်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဆိုးလ်ရှားကိုယ်တိုင်က လင်ဂတ်အပေါ်မှာ သူရဲ့ယုံကြည်မှုတွေနည်းပါးလွန်းနေပြီလို့ ဝန်ခံသွားခဲ့တာကြောင့် လာမယ့်နွေစျေးကွက်မှာ လင်ဂတ်နဲ့ယူနိုက်တက်အသင်းတို့ လမ်းခွဲဖို့ သေချာနေပြီလို့ပဲ ဆိုရမှာပါ။