အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက သူတို့အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဝဲလ်ဖရက်ဒ်ဇာဟာကို လာမယ့်နွေစျေးကွက်အတွင်းမှာလည်း ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့ပြီး အသင်းရဲ့တိုက်စစ်ကစားသမား အလန်ဇန်းဒါးလာကာဇက်ကို အသင်းကနေ ရောင်းထုတ်ကာ ပြန်လည်ရရှိလာမယ့် ပြောင်းရွှေ့ကြေးနဲ့ ဇာဟာကို ပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : Premier League

အသက်(၂၈)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဇာဟာဟာ အာဆင်နယ်အသင်းကို ငယ်စဉ်ကတည်းက အားပေးလာခဲ့သူဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောဆိုထားခဲ့သလို ၂၀၁၉ခုနှစ်တုန်းကလည်း အာဆင်နယ်က သူ့ကို ခေါ်ယူဖို့ ပြင်ဆင်ပြီးချိန်မှ အာဆင်နယ်ဘက်က ဇာဟာရဲ့ အိုင်ဗရီကို့စ်အသင်းဖော်ဖြစ်တဲ့ နီကိုလပ်စ်ပေပေကိုသာ လိုင်လီကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ အခုတစ်ကြိမ်မှာ ဇာဟာကို ခေါ်ယူဖို့အတွက် ထပ်မံစိတ်ဝင်စားလာခဲ့ပြီး လာကာဇက်ကို ရောင်းချကာ ဇာဟာကို ခေါ်ယူဖို့အတွက် အသုံးစရိတ် ရှာဖွေဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

ဇာဟာရဲ့ လက်ရှိတန်ကြေးဟာ ပေါင်သန်း(၅၀)ဝန်းကျင်ခန့်လောက် ရှိနေတဲ့အတွက် ဒီတန်ကြေးက အာဆင်နယ်အသင်းအတွက် ခက်ခဲနိုင်တာကြောင့် အသင်းရဲ့တိုက်စစ်မှူး လာကာဇက်ကို အသင်းကနေ အရင်ရောင်းချပြီးမှ ဇာဟာကို ခေါ်ယူဖွယ် ရှိနေပါတယ်။ ဇာဟာက ဒီနှစ်ဘောလုံးရာသီအတွင်းမှာ သူရဲ့ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၃)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၉)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုလည်း (၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းရဲ့တောင်ပံကစားသမားတွေဖြစ်တဲ့ ပေပေ ဝီလီယံတို့ရဲ့ စွမ်းဆောင်ရည်တွေကို အားရကျေနပ်မှု မရှိတာကြောင့် ဘယ်ခြမ်းတိုက်စစ်မှာ လုပ်အားနှုန်းကောင်းတဲ့ ဇာဟာကို အလိုရှိနေတာဖြစ်ပါတယ်။ ဇာဟာကို ခေါ်ယူဖို့အတွက် အီတလီစီးရီးအေ ကလပ်အသင်းတွေ အပြိုင်စိတ်ဝင်စားလို့နေတဲ့ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို အရင်ရောင်းချသွားဖို့ အစီအစဉ်ရှိနေပြီး လာကာဇက်ကိုလည်း ဂျုဗင်တပ်စ် ရိုးမား အင်တာမီလန် အေစီမီလန်အသင်းတွေအပြင် လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းကလည်း အပြိုင်စိတ်ဝင်စားလို့နေပါတယ်။