ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ အခက်တွေ့နေတာကြောင့် စကော့တလန်ကလပ် မားသားဝဲလ်ဆီ အငှားချထားတဲ့ လူငယ်တိုက်စစ်မှူး ဘီရက်ကို အသင်းဆီ ပြန်ခေါ်လိုက်ကြောင်း သိရှိရပါတယ်။

အာဆင်နယ်က တိုက်စစ်ပိုင်းမှာ ဂါဘရီရယ် ဂျေဇူးနဲ့ အန်ခီးတီးယား စတဲ့ တိုက်စစ်မှူး နှစ်ဦးထဲသာ ပိုင်ဆိုင်ထားသလို နှစ်ဦးစလုံးက ဒီရာသီမှာ ဂိုးပေါက်ပျောက်နေတာကြောင့် ယခု ဆောင်းဈေးကွက်မှာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Bein Sports

အာဆင်နယ်က အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေး ၊ ဂျူဗင်တပ်တိုက်စစ်မှူး ဗလာဟိုဗစ် စတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူချင်ခဲ့ပေမယ့် ကစားသမား နှစ်ယောက်ရဲ့ သက်ဆိုင်ရာကလပ်တွေက သူတို့ရဲ့ အဓိက တိုက်စစ်မှူးတွေကို ရာသီဝက်ကာလမှာ မရောင်းချချင်သလို ခေါ်ယူချင်ရင် ယူရို ၁၀၀သန်း ဝန်းကျင် အထိ ပေးချေရမယ်လို့ သတင်းလွှင့်ထားတာကြောင့် အာဆင်နယ်က တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အခက်တွေ့နေတာပါ။

တဖက်မှာတော့ အသက် ၂၀အရွယ် ဒိန်းမတ် ယူ-၂၁လက်ရွေးစင် ဘီရက်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အာဆင်နယ် ကနေ မားသားဝဲလ်ဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သူက မားသာဝဲလ်အတွက် စကော့တလန်လိဂ်မှာ ၁၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Mirror

ဘီရက်ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက သူ့ရဲ့ အငှားစာချုပ်ကို ဖျက်သိမ်းကာ အသင်းဆီ ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အာဆင်နယ်က အငှားစာချုပ်ကို ဖျက်သိမ်းလိုက်တာကြောင့် ဘီရက်ဟာ မကြာခင်မှာပဲ အင်္ဂလန်နိုင်ငံဆီ ပြန်လာကာ အာဆင်နယ်နဲ့ ပူးပေါင်းတော့မှာပါ။

မားသားဝဲလ်ရဲ့ တာဝန်ရှိသူ တဦးကတော့ အားကိုးနေရတဲ့ ဘီရက်ကို ရာသီဝက်ကာလမှာ လက်လွှတ်ခဲ့ရတဲ့ အတွက် စိတ်ပျက်မိကြောင်းနဲ့ ဘီရက် တယောက် အာဆင်နယ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးကြောင်း နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။