အာဆင်နယ်အသင်းရဲ့ အဓိက အားအထားရဆုံး တိုက်စစ်ကစားသမားဖြစ်သူ အူဘာမီယန်းကတော့ လက်ရှိအချိန်မှာ အသင်းနဲ့ ဆက်လက်တွဲသွားဖို့ ဆန္ဒမရှိတော့တာကြောင့် သူရဲ့အနာဂတ်က အတော်လေးကို လှုပ်ခတ်နေရပြီး ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် အင်တာမီလန် မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့လည်း အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ထားခဲ့ရသလို သူရဲ့အဖိုးဖြစ်သူ မကွယ်လွန်ခင်မှာ ပေးထားခဲ့တဲ့ ကတိစကားကြောင့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားဖွယ်ရှိနေတယ်လို့ The Sun သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal.com

အသက်(၃၀)အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ လာမယ့် ၂၀၂၁ခုနှစ်မှာပဲ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အခုချိန်ထိ အာဆင်နယ်ဘက်ကနေ ကမ်းလှမ်းလာခဲ့တဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချထားခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ အူဘာမီယန်းကို လာမယ့်နွေစျေးကွက်မှာ အသင်းကနေ မရောင်းချနိုင်ဘူးဆိုရင် ၂၀၂၁ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှံးရမှာဖြစ်ပါတယ်။ အူဘာကိုယ်တိုင်ကလည်း ကစားသမားဘဝကနေ အဆုံးမသတ်ခင် အောင်မြင်မှုတွေကို ဆက်လက်ရယူနိုင်ဖို့ အာဆင်နယ်ကို စွန့်ခွာဖွယ်ရှိနေတာ အသေအချာပါပဲ။

Photo Credit : TEAMtalk

လတ်တလောမှာ အနာဂတ်လှုပ်ခတ်လျက်ရှိနေတဲ့ အူဘာမီယန်းဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကတော့ သူရဲ့အဘိုးဖြစ်သူ ဆုံးပါးကွယ်လွန်ခြင်းမတိုင်ခင်မှာ အဘိုးအားပေးခဲ့တဲ့ ကလပ်အသင်းတစ်သင်းဖြစ်သော ရီးရဲလ်မက်ဒရစ်အသင်းမှာ သွားရောက်ကစားပါ့မယ်လို့ ကတိပေးခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။ အူဘာမီယန်းက “ကျွန်တော့်အဘိုး မဆုံးပါးခင် ၂နှစ်လောက်အလိုတုန်းက ကျွန်တော်တစ်နေ့မှာ သူအားပေးတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားဖြစ်မယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ အဘိုးကိုယ်တိုင်ကလည်း မက်ဒရစ်မြို့နဲ့ သိပ်မဝေးလှတဲ့ မြို့လေးတစ်ခုမှာ နေထိုင်ခဲ့တာပါ။ ဒါက ဖြစ်လာနိုင်ဖို့ ခက်ခဲမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီကတိစကားကတော့ ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့တာကြောင့် အူဘာမီယန်းနဲ့ ရီးရဲလ်အသင်းတို့ရဲ့ကြား အပြောင်းအရွှေ့သတင်းတွေဟာ ပိုမိုလှုပ်ခတ်လာခဲ့ရပါတယ်။