ဒီနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ဟာ ယူနိုက်တက်အသင်းဆီကို မရောက်ရှိခင်တုန်းက ကလပ်အသင်းပေါင်းများစွာရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး သူ့ကို အာဆင်နယ်အသင်းဘက်ကနေပါ အမှန်အကန် စိတ်ဝင်စားခဲ့ပေမယ့်လည်း ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို မတတ်နိုင်လို့ မခေါ်ယူနိုင်ခဲ့ရတာဖြစ်တယ်လို့ အေဂျက်စ်ကစားသမားဟောင်းနဲ့ ဗန်ဒယ်ဘိခ်ရဲ့အေးဂျင့်လည်းဖြစ်တဲ့ ရှတ်ဆွက်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ အေဂျက်စ်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တွန်းပို့ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဥရောပထိပ်သီးအသင်းတွေရဲ့ပစ်မှတ် ဗန်ဒယ်ဘိခ်ကို ယူနိုက်တက်အသင်းကနေ ဒီရက်ပိုင်းအတွင်းမှာ ကမ်းလှမ်းမှုတွေကို အသေအချာ ပြုလုပ်နိုင်ခဲ့တာကြောင့် ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်း+အပိုဆုကြေးပေါင်(၅)သန်းနဲ့ စက်တင်ဘာလ(၂)ရက်နေ့မှာပဲ အပြီးသတ်ခေါ်ယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဗန်ဒယ်ဘိခ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အေဂျက်စ်အသင်းရဲ့ကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ရှတ်ဆွက်က “မန်ချက်စတာယူနိုက်တက်အသင်းက ဒွန်နီအတွက် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုပါ။ သူ့ကို စိတ်ဝင်စားနေခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ ဂျုဗင်တပ်စ်နဲ့ အာဆင်နယ်အသင်းတို့လည်း ပါဝင်လာခဲ့တယ်။ ဒွန်နီကို စိတ်ဝင်စားခဲ့တဲ့ ကလပ်အသင်းက စုစုပေါင်း(၆)သင်းအထိ ရှိခဲ့ပေမယ့်လည်း အားလုံးနီးနီးက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ အဆုံးသတ်သွားခဲ့ရတယ်။ ဒါ့အပြင် ဒွန်နီဟာ မက်ဒရစ်ကို ပြောင်းရွှေ့ဖို့လည်း အတော်လေးကို နီးစပ်ခဲ့သေးပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်သွားရပါတယ်။ အဲ့ဒီအချိန်မှာ ကလပ်အသင်းတွေက ဝင်ငွေတွေ လုံးဝမရှိခဲ့ရသလို တချို့အသင်းတွေကလည်း သူတို့ရဲ့ကစားသမားတွေကို ရောင်းချဖို့လည်း ငြင်းဆန်လာခဲ့တယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ အပြောင်းအရွှေ့ဖြစ်လာနိုင်အောင် ကြိုးပမ်းနိုင်ခဲ့တယ်။ အာဆင်နယ်ဘက်ကလည်း ဒွန်နီကို အမှန်တကယ် အလိုရှိခဲ့တာ။ ဒါပေမယ့် သူတို့က ဒွန်နီရဲ့ပြောင်းရွှေ့ကြေးအတွက် မတတ်နိုင်ခဲ့ပါဘူး။ အာဆင်နယ်ဆိုတာကလည်း တကယ့်ထိပ်တန်းအသင်းပါ။ ဒါပေမယ့် ဒီလိုအသင်းတွေကလည်း ရုန်းကန်ရတာပဲလေ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။