ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်တို့က စီးရီးအေကလပ် အတ္တလန်တာရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟိုက်လန်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဒိန်းမတ် ယူ-၂၁ လက်ရွေးစင် တိုက်စစ်မှူး ဟိုက်လန်က ယခုနှစ် ဘောလုံးရာသီ အစကမှ ဒိန်းမတ်ကလပ် စတမ်ဂရက် ကနေ အတ္တလန်တာထံ ပြောင်းရွှေ့ကြေး ယူရို ၁၇.၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဟိုက်လန်က အတ္တလန်တာထံ ရောက်ရောက်ချင်းမှာပဲ ပွဲထွက်ခွင့်တွေ ရယူနိုင်ခဲ့သလို အသင်းအတွက် အဖိုးတန် သွင်းဂိုးတွေကိုပါ သွင်းယူပေးထားနိုင်ပါတယ်။

Photo Credit: SPORT

အရပ်အမြင့် ၆ပေ ၂လက်မ ရှိတဲ့ ဟိုက်လန်က ဘယ်ခြေအားသန် အထောင်တိုက်စစ်မှူး ဖြစ်ပြီး သူက ကြံ့ခိုင်မှု အားကောင်းသလို အဆုံးသတ်စွမ်းရည်ကလည်း ထိပ်တန်းအဆင့်မှာ ရှိတာကြောင့် မန်ချက်စတာ စီးတီးနဲ့ နော်ဝေ ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းလက်သစ် အဖြစ် တင်စားခံထားရတဲ့ လူငယ်ကြယ်ပွင့်ပဲ ဖြစ်ပါတယ်။

ဟိုက်လန်က ယခုနှစ် ဘောလုံးရာသီမှာ အတ္တလန်တာ အတွက် ပြိုင်ပွဲစုံမှာ ၁၁၀၆မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပြီး သူ့ရဲ့ ပျမ်းမျှ ၁၂၂မိနစ်မှာ ၁ဂိုး ပါဝင် ပတ်သတ်ထားနိုင်တာကြောင့် လူငယ်တိုက်စစ်မှူး တဦး အတွက် အတော်လေးကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: SPORT

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်တို့က ဟိုက်လန်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြတာ ဖြစ်ပြီး အတ္တလန်တာကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟိုက်လန် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ် နှစ်သင်းစလုံးက ဟိုက်လန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အာဆင်နယ်က ဟိုက်လန်ကို ဂျေဇူးနဲ့အပြိုင် နေရာယှဉ်လုနိုင်မယ့် ကစားသမားလို့ တွေးထားသလို ရီးရဲလ်မက်ဒရစ်ကလည်း ဘန်ဇီမာရဲ့ အရန်တိုက်စစ်မှူး အဖြစ် ဟိုက်လန်ကို နေရာပေးဖို့ စဉ်းစားထားကြောင်း သိရပါတယ်။