ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ သူတို့ရဲ့ ကစားသမားဟောင်း ဂနာဘရီကို ခေါ်ယူဖို့ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီဟာ ၂၀၁၁ခုနှစ် ကနေ ၂၀၁၆ခုနှစ် အထိ အာဆင်နယ်မှာ ကစားခဲ့ဖူးပြီး သူ့ဘဝရဲ့ အကောင်းဆုံး ခြေစွမ်းတွေကိုတော့ ဘိုင်ယန်မြူးနစ်မှာ ရရှိခဲ့သူပါ။

Photo Credit: Football London

ဂနာဘရီက ဘိုင်ယန်မြူးနစ်ထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ၆နှစ်တာ ကာလအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၇၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄၀ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဂနာဘရီက ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၁နှစ်ကျော်သာ ကျန်တော့သလို ဘိုင်ယန်မြူးနစ်ဘက်က စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဂနာဘရီကတော့ သူ လိုချင်တဲ့ လုပ်ခလစာမျိုး မရတာကြောင့် ဘိုင်ယန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

Photo Credit: Football London

ဘိုင်ယန်မြူးနစ်ကတော့ ဂနာဘရီကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းချင်နေပေမယ့် အကယ်၍ ဂနာဘရီကသာ စာချုပ်သစ် မချုပ်ဘူး ဆိုရင် လာမယ့် ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်တာကြောင့် လာမယ့် နွေအပြောင်းအရွှေ့မှာပဲ ဂနာဘရီကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဂနာဘရီရဲ့ တန်ကြေးကို ယူရို ၄၀သန်း သတ်မှတ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းစလုံးဟာ ဂနာဘရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အာဆင်နယ်ဘက်က အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဂနာဘရီကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ထက် ပိုမို စိတ်အားထက်သန်နေကာ ဂနာဘရီကလည်း ပုံမှန် ပွဲထွက်ခွင့် အတွက် အာမခံချက် ပေးနိုင်တဲ့ အသင်းဆီသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။