ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ စီးရီးအေ နာမည်ကြီးကလပ် ဖီအိုရင်တီးနားအသင်းနဲ့ အတူ တောက်ပနေတဲ့ လူငယ် တိုက်စစ်မှူး ဗလာဟိုဗစ်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင်၈၀သန်း ပမာဏ အထိ ပေးချေကာ ခေါ်ယူဖို့ အသင့် ရှိနေကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ဆာကာ ၊ စမစ်ရိုဝီ ၊ အိုဒီဂတ် ၊ ဘန်ဝှိုက် ၊ မာတီနယ်လီ ၊ ဂါဘရီရယ် ၊ ရမ်စဒယ် ၊ တီယာနေး ၊ တိုမီယာဆု စတဲ့ လူငယ် အစုအဖွဲ့နဲ့ အတူ ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိကာ ဥရောပဝင်ခွင့် ရရှိဖို့ နီးစပ်နေတဲ့ အာဆင်နယ်အသင်းဟာ ယခင်ကလို အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေတဲ့ အသင်းတသင်းပါ။

Photo Credit: The Sun

အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားနဲ့ အတူ တောက်ပနေတဲ့ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက စိတ်ဝင်စားခဲ့ပေမယ့် ဖီအိုရင်တီးနားအသင်းက ဗလာဟိုဗစ် အတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကို ပေးချေဖို့ တွန့်ဆုတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဗလာဟိုဗစ်ဟာ သူ့ရဲ့ ဂိုးသွင်း ခြေစွမ်းကောင်းတွေကို ယခုနှစ် ဘောလုံးရာသီမှာပါ ဆက်လက် သက်သေပြထားနိုင်တာကြောင့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ အာဆင်နယ်အသင်းက ဗလာဟိုဗစ်ကို ခေါ်ယူရန် ထပ်မံ စိတ်ဝင်စားလာသလို ဗလာဟိုဗစ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင်၈၀သန်း အထိ ပေးချေဖို့ ရည်ရွယ်ထားကြောင်း နာမည်ကျော် အီတလီ အားကစား သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: The Sun

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား ကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ၂၀၂၁ခုနှစ် အတွင်းမှာ စီးရီးအေ သွင်းဂိုးပေါင်း ၃၃ဂိုး အထိ သွင်းယူထားနိုင်သူ ဖြစ်သလို လာမယ့် အပြောင်းအရွှေ့တွေမှာ ဖီအိုရင်တီးနားအသင်း ကနေ ထွက်ခွာဖို့ တာစူနေသူလည်း ဖြစ်ပါတယ်။