အာဆင်နယ်အသင်းကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့ စျေးကွက်ဖွင့်ချိန်မှာ အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ အလက်ဇန်းဒါးလာကာဇက်ကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပြီး ဒီတိုက်စစ်ကစားသမားကိုလည်း အီတလီစီးရီးအေက ကလပ်အသင်းများစွာနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : talkSPORT

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ ၂၀၁၇ခုနှစ်ကမှ လိုင်ယွန်ကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းနဲ့ ၂၀၂၂ခုနှစ်အထိသာ သက်တမ်းကျန်ရှိနေတော့တာဖြစ်လို့ အသင်းဘက်က လာကာဇက်ကို စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ရင် လာမယ့်နွေစျေးကွက်မှာပဲ ရောင်းချရတော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အာဆင်နယ်ဘက်က လာကာဇက်ကို ထပ်ပြီးသက်တမ်းမတိုးလိုတော့တာကြောင့် နွေစျေးကွက်ဖွင့်ချိန်မှာပဲ ထိုက်သင့်တဲ့ တန်ကြေးမျိုးနဲ့ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Football365

အာဆင်နယ်တိုက်စစ်ကစားသမား လာကာဇက်ကို စီးရီးအေကလပ်အသင်းများဖြစ်တဲ့ ဂျုဗင်တပ်စ် အင်တာမီလန် အေစီမီလန်နဲ့ ရိုးမားအသင်းတွေက စိတ်ဝင်စားနေကြတဲ့အပြင် လာလီဂါထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းကလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။ လာကာဇက်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၃၅)ပွဲအထိ ပါဝင်ကစားခဲ့ပြီးနောက် သွင်းဂိုးပေါင်း (၁၃)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုလည်း (၃)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လာကာဇက်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းထက် ပရီးမီးယားလိဂ်သွင်းဂိုး (၂)ဂိုး ပိုများလျက်ရှိနေပြီး သူ့ကို အာဆင်နယ်နည်းပြ အာတီတာက အသင်းမှာ ဆက်လက်ထိန်းသိမ်းချင်ပေမယ့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမယ့် အနေအထားတွေ ရှိလာနိုင်တာမို့ လာမယ့်နွေမှာပဲ အသင်းကနေ ရောင်းချဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ လာကာဇက်ကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ရိုးမားက ထိပ်ဆုံးကနေ ဦးဆောင်နေပြီး အီတလီမြေကို ရောက်ရှိသွားဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။