အာဆင်နယ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအစတုန်းက ရိုးမားအသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ အငှားချထားခဲ့တဲ့ အာမေနီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်ကို အသုံးချပြီးတော့ ရိုးမားအသင်းရဲ့ လူငယ်အသင်းကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သူ ဂျက်စတင်ကလွိုင်ဗက်ကို လာမယ့်နွေစျေးကွက်အတွင်း ခေါ်ယူသွားဖို့အတွက် ပြင်ဆင်လျက်ရှိနေတယ် အီတလီမှ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ သိရှိရပါတယ်။

Photo Credit : Goal.com

အသက်(၂၁)နှစ်သာရှိသေးတဲ့ နယ်သာလန်လူငယ်ကစားသမား ဂျက်စတင်ကလွိုင်ဗက်ဟာ နယ်သာလန် တိုက်စစ်မှူးဟောင်းကြီး ပက်ထရစ်ကလွိုင်ဗက်ရဲ့သားတစ်ယောက်ဖြစ်ကာ ၂၀၁၈ခုနှစ်ကမှ အေဂျက်စ်အသင်းကနေ ရိုးမားအသင်းဆီ ပေါင်(၁၅)သန်းနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ တောင်ပံတိုက်စစ်နေရာမှာ ထူးချွန်စွာ ကစားတတ်တဲ့ ဒီကစားသမားလေးကို အသင်းကြီးတွေကနေ မျက်စိကျလို့နေပြီး အဲ့ဒီထဲမှာ တစ်သင်းအပါအဝင်ဖြစ်နေတဲ့ အာဆင်နယ်ကလည်း ဒီကြယ်ပွင့်ကစားသမားကို ပိုင်ဆိုင်နိုင်ဖို့အတွက် မစ်မီတာရန်ကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးသွားဖွယ်ရှိနေပါတယ်။

Photo Credit : Goal.com

ဂျက်စတင်ကို ရိုးမားအသင်းကနေ ထုတ်ရောင်းချသွားဖို့ အစီအစဉ်မရှိပေမယ့်လည်း အေဂျက်စ်ကနေ ခေါ်ယူခဲ့စဉ်တုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲက အချက်အလက်တွေအရ ဂျက်စတင်ကို အသင်းကနေ ပြန်လည်ရောင်းချတဲ့အခါ ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းကျော်ပါက အသင်းဟောင်းဆီ အေဂျက်စ်ဆီ ၁၀%ပေးချေသွားမယ်ဆိုတဲ့ အချက်တစ်ခုကြောင့် ရောင်းချရမယ်ဆိုရင်တောင် ကစားသမားအတွက် ပေါင်သန်း(၄၀)ခန့်လောက် အလိုရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ကတော့ ရိုးမားအသင်းဘက်ကနေ အလိုရှိနေတဲ့ ကွင်းလယ်လူ မစ်ခီတာရန်အပြင် ပေါင်(၁၀)သန်းကိုပါ ပြောင်းရွှေ့့ကြေးအဖြစ် ထည့်သွင်းပြီးသာ ကမ်းလှမ်းလာမှာဖြစ်တယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ အငှားခေါ်ထားတဲ့ ကစားသမားတွေဖြစ်သော စီဘယ်ယို့စ် ပါဘလိုမာရီနဲ့ စီဒရစ်ဆွာရက်စ်တို့ရဲ့ အငှားစာချုပ်သက်တမ်းကို ဒီနှစ်ဘောလုံးရာသီကုန်ဆုံးချိန် တိုးမြှင့်နိုင်အောင် ကြိုးစားလျက်ရှိနေပါတယ်။