MySport Myanmar

လာမယ့် နွေရာသီမှာ ရမ်စဒဲလ်ကို ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ ဂိုးသမား တဦး ဖြစ်သူ ရမ်စဒဲလ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်က ၂၀၂၁ခုနှစ်မှာ ရှက်ဖီးလ် ယူနိုက်တက် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ၂ရာသီ ကြာအောင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Goal

ရမ်စဒဲလ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခုမှာ အာဆင်နယ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်ခွင့် ရခဲ့သလို လက်စွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပေမယ့် အာဆင်နယ်နည်းပြချုပ် အာတီတာက သူ့ရဲ့ လက်စွမ်းကို အပြည့်အဝ မယုံကြည်တာကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အာတီတာဟာ သူနဲ့ တနိုင်ငံထဲသား ဂိုးသမား ရာယာကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။

စပိန်ဂိုးသမား ဒေးဗစ် ရာယာ ရောက်ရှိလာပြီးနောက် ရမ်စဒဲလ်က သူ့ရဲ့ နံပါတ်တစ် ဂိုးသမားရာထူးကို ဆုံးရှုံးလိုက်ရပြီး ရာယာဟာ အာဆင်နယ်ရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်တိုက် ပွဲထွက် ကစားခွင့် ရရှိနေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insiderရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ရမ်စဒဲလ်ကို လာမယ့် ဆောင်းဈေးကွက်မှာ ရောင်းချဖို့ စိတ်ကူးမရှိပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ရောင်းချဖို့ ပြင်ဆင်နေပြီး ရမ်စဒဲလ်ရဲ့ နေရာကို အစားဝင်မယ့် ဂိုးသမားတွေ စတင် ရှာဖွေနေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီး အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ်တွေက အာဆင်နယ်နဲ့ ရမ်စဒဲလ်ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသလို ရမ်စဒဲလ်ကလည်း တရာသီလုံးသာ အရန်ခုံမှာ ထိုင်နေရရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကျိန်းသေပေါက် အသင်းပြောင်းဖို့ ရှိနေပါတယ်။

Exit mobile version