MySport Myanmar

လူငယ်ကြယ်ပွင့် ဆာလီဘာကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် ဗဟိုခံစစ်မှူး ဝီလီယံ ဆာလီဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုနောက်ခံလူ ဆာလီဘာက ၂၀၁၉ခုနှစ်မှာ ပြင်သစ် လီဂူးဝမ်းကလပ် စိန့်အက်တီယန်ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Team Talk

ဆာလီဘာဟာ ၂၀၁၉ခုနှစ်ထဲက အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ စိန့်အက်တီယန်နဲ့သာ ဆက်ကစားခဲ့ရသလို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာလည်း အာဆင်နယ်အတွက် ဝင်ရောက် ကစားခွင့် မရခဲ့ပဲ ပြင်သစ် လီဂူးဝမ်းကလပ် နိုက်စ်ဆီ အငှားနဲ့ ထပ်ကစားခဲ့ရပါတယ်။

ဆာလီဘာက နိုက်စ်အတွက် ကစားပေးခဲ့ချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အာဆင်နယ်နည်းပြ အာတီတာနဲ့ ဘုတ်အဖွဲ့က သူ့ရဲ့ ခြေစွမ်းတွေဟာ အာဆင်နယ်အတွက် ကစားပေးဖို့ မလုံလောက်သေးဘူး လို့ ယုံကြည်တာကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာလည်း ဆာလီဘာကို မာဆေးလ်ဆီ ထပ်မံ အငှားချခဲ့ပါတယ်။

 

Photo Credit: Team Talk

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဆာလီဘာက မာဆေးလ်နဲ့အတူ အတော်လေး တောက်ပခဲ့သလို ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ရရှိခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်နည်းပြ အာတီတာက သူ့ကို အငှားမချတော့ပဲ အသင်းမှာ နေရာပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဆာလီဘာကလည်း သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ၄ရာသီမြောက်မှ ရလာခဲ့တဲ့ ပွဲဦးထွက်မှာပဲ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ဆာလီဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ဆာလီဘာကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်ထားသလို ဆာလီဘာကလည်း သူ့ကို ဆယ်ကျော်သက် ကစားသမား ဘဝထဲက မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူထားတဲ့ အာဆင်နယ်နဲ့သာ ဆက်ရှိဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version