အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမား အဲလက်စ်အောက်စ်လိဒ်ချိန်ဘာလိန်ကို လီဗာပူးလ်အသင်းကနေ (၆)လအငှားစာချုပ်+အပြီးသတ် ခေါ်ယူခွင့် ကမ်းလှမ်းမှုမျိုးနဲ့ ပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း ပုံမှန်ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေရတဲ့ လီဗာပူးလ်အသင်းကနေ ထွက်ခွာချင်နေတာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန် ကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ ဆောက်သမ်တန် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၁၁ခုနှစ်မှာပဲ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့သလို အသင်းနဲ့အတူ အက်အေဖလား (၃)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၃)ကြိမ်ထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ (၆)နှစ်ကြာ ဖြတ်သန်းပြီးနောက်မှာ ချိန်ဘာလိန်က လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ သူရဲ့ လီဗာပူးလ်ကစားသမားဘဝ (၅)ရာသီမြောက်ကို ဖြတ်သန်းနေရပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံ (၁၇)ပွဲသာ ပါဝင်ထားရသလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်လို့နေရပါတယ်။

Photo Credit : The Indenpendent

ချိန်ဘာလိန်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ ၂၀၂၃ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ပုံမှန်ပွဲကစားခွင့်တွေ ပြန်လည်ရယူချင်နေတာကြောင့် လာမယ့်ဆောင်းစျေးကွက်မှာ အသင်းပြောင်းရွှေ့ချင်နေတာဖြစ်သလို ချိန်ဘာလိန်ကိုလည်း သူရဲ့အသင်းဟောင်း အာဆင်နယ်အသင်းက ပြန်လည်အလိုရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခဲလ်အာတီတာက အာဆင်နယ်မှာ ကစားသမားဘဝနဲ့ ကျင်လည်ခဲ့စဉ်အတွင်း ချိန်ဘာလိန်နဲ့ တွဲဖက်ကစားခဲ့ဖူးသလို သူတို့နှစ်ဦးကြားမှာလည်း ဆက်ဆံရေးကောင်းတွေ ရှိနေတာကြောင့် အသင်းဆီ အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ဆောင်ချင်နေသလို အငှားသက်တမ်းပြည့်သွားရင်လည်း အပြီးသတ် ခေါ်ယူသွားချင်နေပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဆွစ်ကွင်းလယ်လူ ချာကာက ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရသလို အယ်လ်နီနီနဲ့ သောမတ်စ်ပါတေးတို့မှာလည်း ဇန်နဝါရီလမှာ အာဖရိကဖလားပြိုင်ပွဲကို ဆင်နွဲရမှာဖြစ်လို့ အခုလို အသင်းရဲ့ ကွင်းလယ်လူဟောင်း ချိန်ဘာလိန်ကို ပြန်လည်ခေါ်ယူချင်နေရတာပဲ ဖြစ်ပါတယ်။