၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲသွားရတော့မယ့် တိုက်စစ်ကစားသမားလေး ဂါဘရီရယ်မာတင်နယ်လီဟာ ဒီရာသီမှာ သူရဲ့ကလပ်အသင်း အာဆင်နယ်နဲ့အတူ အကောင်းဆုံး တောက်ပနေသူ ဖြစ်ပေမယ့် သူရဲ့ ဆယ်ကျော်သက်အရွယ် ဘောလုံးခရီးလမ်းအစကတော့ ဘာစီလိုနာ မန်ချက်စတာယူနိုက်တက်လို အသင်းတွေရဲ့ ငြင်းဆန်ပယ်ချခံရမှုတွေနဲ့ ခါးသီးခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွယ်ရှိ အာဆင်နယ် တိုက်စစ်ကစားသမားလေး မာတင်နယ်လီဟာ ကိုရင်သီယန် လူငယ်အကယ်ဒမီမှာ (၄)နှစ်နီးပါး ဘောလုံးပညာတွေ သင်ကြားရင်း အီတူအာနိုအသင်းဆီ ရောက်ရှိခဲ့ပြီး အီတူအာနိုမှာပဲ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရပါတယ်။ အီတူအာနိုမှာ ရှိခဲ့စဉ်တုန်းက မာတင်နယ်လီကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းက စတင်ပြီး ခြေစွမ်းပိုင်း စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ခေါ်ယူခဲ့ခြင်း မရှိသလို ဆက်လက်ပြီး ဘာစီလိုနာအသင်းကလည်း မာတင်နယ်လီကို စမ်းသပ်မှုတွေ လုပ်ခဲ့ပေမယ့် ခေါ်ယူခဲ့ခြင်းတော့ မရှိလာခဲ့ပါဘူး။

Photo Credit : TEAMtalk

“ကျွန်တော် ကမ္ဘာ့ဖလားအသင်းအတွက် ရွေးချယ်ခံရတုန်းက စိတ်ကူးယဉ်ကမ္ဘာမျိုးမှာ နေထိုင်နေရသလိုကို ခံစားမိရတယ်။ ၂၀၁၉ခုနှစ်မှာ အာဆင်နယ်ကို ရောက်လာခဲ့ရလို့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်မိတယ်။ အကြောင်းပြချက်တစ်ခုနဲ့ ဒီအရာတွေ ဖြစ်လာခဲ့တယ်ဆိုတာကို ကျွန်တော် ယုံကြည်မိတယ်။ နောက်ပြီး အာဆင်နယ်မှာလည်း ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဖြတ်သန်းခဲ့ရတာတွေကို အခု ပြန်တွေးကြည့်ရင် ရယ်စရာတစ်ခုလိုပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တခြားနေရာမှာ ကစားသမားဘဝကို လွယ်လွယ်နဲ့ အဆုံးသတ်သွားနိုင်ခဲ့လို့ပါ။ ကျွန်တော် မန်ချက်စတာယူနိုက်တက်မှာ အသင်းပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီမှာ ကျွန်တော် စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့တယ်။ စီနီယာ ကစားသမား တော်တော်များများနဲ့လည်း တွေ့ဆုံဖူးတယ်။ ကျွန်တော် အသက်(၁၇)နှစ်လောက်မှာ နောက်ဆုံး စမ်းသပ်မှုအပြီး ဘရာဇီးလ်ကိုပြန်ပြီး ရလဒ်ကို စောင့်ဆိုင်းခဲ့ဖူးတယ်။ တစ်နေ့ကျတော့ သူတို့က ကျွန်တော့်ကို လုံးဝ မလိုချင်ဘူးဆိုတာကို သိလိုက်ရတယ်။ ကျွန်တော် တုန်လှုပ်သွားတယ်။ သူတို့က ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးထားလို့ ခေါ်ယူလိမ့်မယ်လို့ သေချာနေပြီ ထင်ထားခဲ့တာ။ ရက်သတ္တပတ်အနည်းငယ်ကြာတော့ ဘာစီလိုနာမှာ (၁၅)ရက် စမ်းသပ်ခဲ့ရပါသေးတယ်။ သူတို့လည်း ကျွန်တော့်ကို မလိုချင်ခဲ့ပြန်ပါဘူး။ စမ်းသပ်မှုတစ်ခုလေးနဲ့ အငြင်းခံရလို့ လက်ခံဖို့ လွယ်ကူနိုင်တယ် ဆိုပေမယ့်လည်း တကယ်တမ်းတော့လည်း ခက်ခဲခဲ့ပါတယ်”လို့ မာတင်နယ်လီက ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။