ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၂-၁ အာဆင်နယ်ပွဲစဉ်မှာ သူတို့အသင်းဟာ အဲဗာတန်အသင်းကို ကစားကွက်ပိုင်းအရပါ ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဂွတ်ဒီဆင်ပါ့တ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် အဲဗာတန်အသင်းက ဧည့်သည် အာဆင်နယ်အသင်းထက် ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ခဲ့ပြီး ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိသွားခဲ့တာပါ။

Photo Credit: Sky Sports

အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ကွင်းလယ်လူ အိုဒီဂတ်ရဲ့ သွင်းဂိုးကြောင့် ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့ပေမယ့် အဲဗာတန်အသင်းရဲ့ တိုက်စစ်ပိုင်းကို မထိန်းချုပ်နိုင်တာကြောင့် ပွဲကစားချိန် ကြာလာတာနဲ့ အမျှ အဲဗာတန်အသင်းဘက်ကို အခွင့်အရေးတွေ ပေးခဲ့ရပြီး နောက်ကျ ချေပဂိုးနဲ့ နောက်ကျ အနိုင်ဂိုးတွေကိုပါ ခွင့်ပြုခဲ့ရပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေက ရလဒ်တွေ ဆိုးဝါးနေတဲ့ အဲဗာတန်အသင်းကိုတောင် ခြေစွမ်းပိုင်း အသာစီး မယူနိုင်ခဲ့တဲ့ အသင်းရဲ့ ကစားပုံကို စိတ်ပျက်နေကြပြီး အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကလည်း သူတို့အသင်းဟာ အဲဗာတန်အသင်းကို ကစားပုံအရ ယှဉ်ကစားနိုင်ခြင်း မရှိခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အာတီတာက – “ပထမပိုင်းမှာ ကျွန်တော်တို့က ဘောလုံးကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီလိုမျိုး ဖြစ်နေတာကို ကျွန်တော် မကြိုက်ဘူး။ ကျွန်တော်တို့တွေ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းကို မထိုးဖောက်နိုင်ခဲ့ဘူး။ ထိုးဖောက်နိုင်တဲ့ အကြိမ်ရေ အနည်းငယ်မှာပဲ ကျွန်တော်တို့တွေ သွင်းဂိုး ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ ပိုကောင်းအောင် ကစားနိုင်ခဲ့သလို ဂိုးရနိုင်တဲ့ အခွင့်အရေး လေးကြိမ် အထိ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ကစားဖို့ လိုအပ်နေတဲ့ အချိန်မှာပဲ ချေပဂိုး တဂိုး ခွင့်ပြုခဲ့ရပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်တို့က သူတို့ကို ပိုမို ဖိအားပေး ကစားဖို့ လုပ်ခဲ့ပေမယ့် အရေးကြီးတဲ့ ဘောလုံးယှဉ်လုမှု တချို့မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်က ဒီနေ့ပွဲမှာ အသင်းဆီ ကနေ ဒီထက်ပိုကောင်းတဲ့ ကစားပုံမျိုးကို လိုချင်ခဲ့တာပါ။ ပြီးတော့ အသင်းသားတွေ အနေနဲ့လည်း တဖက်အသင်းက ကိုယ့်ထက် ကစားပုံ ကောင်းနေတဲ့ အချိန်မှာ နိုင်ပွဲ ရအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို သိအောင် လုပ်နိုင်ခဲ့သင့်ပါတယ်” လို့ ဖွင့်ဟ ဝန်ခံသွားခဲ့တာပါ။