MySport Myanmar

ရီးယဲလ် ကွင်းလယ်လူ ကာမာဗင်ဂါကိုပါ အငှားနဲ့ ခေါ်ယူချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်ကစားသမားလေး အက်ဒွါဒိုကာမာဗင်ဂါကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ Evening Standard ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ ပြင်သစ် လူငယ် ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါဟာ ၂၀၂၁ခုနှစ် နွေဈေးကွက်ကမှ ရန်းစ်ကနေ ရီးယဲလ်အသင်းဆီ (၆)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ရီးယဲလ်ကစားသမားဘဝ ပထမဆုံး ရာသီမှာ ပြိုင်ပွဲစုံပွဲပေါင်း (၄၀)အထိ ကစားခဲ့ရပေမယ့် အခုရာသီမှာတော့ လာလီဂါ(၁၆)ပွဲကစားထားခဲ့ရာ အဲ့ဒီထဲကမှ (၅)ပွဲကိုသာ ပွဲထွက်ကစားခဲ့ရတဲ့အပြင် အယ်လ်မီရီယာနဲ့ ဒီရာသီ လာလီဂါအဖွင့်ပွဲမှာပါ ဒုတိယပိုင်းအစမှာပဲ လူစားလဲခံခဲ့ရပါတယ်။ အခုလို ပွဲကစားခွင့် အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရတဲ့ ကာမာဗင်ဂါကို အာဆင်နယ်က အငှားနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေရတဲ့ အာဆင်နယ်က မနေ့ကပဲ ဆောင်းရာသီ ကစားသမား ခေါ်ယူမှုအဖြစ် ဘရိုက်တန်ရဲ့ တိုက်စစ်ကစားသမား ထရိုဆက်ဒ်ကို ခေါ်ယူခဲ့ပြီး စပီဇီယာ နောက်ခံလူ ခီဗီယောကိုပါ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကွင်းလယ်ပိုင်းအတွက် ရီးယဲလ်မှာ ပုံမှန်ကစားခွင့် ရရှိဖို့ ရုန်းကန်နေရတဲ့ ကာမာဗင်ဂါကိုပါ အငှားနဲ့ ခေါ်ယူသွားဖို့ အာဆင်နယ်ဘက်က စီစဉ်လာခဲ့သလို ကာမာဗင်ဂါရဲ့ အရည်အသွေးနဲ့ နည်းစနစ်ပိုင်းတွေအရ နည်းပြအာတီတာရဲ့ အာဆင်နယ် ကစားဟန်နဲ့လည်း အဆင်ပြေနိုင်သလို အသင်းရဲ့ ကစားသမားအင်အားကိုပါ တောင့်တင်းလာစေနိုင်တာကြောင့် အငှားကမ်းလှမ်းမှုကို ပြုလုပ်သွားချင်နေပါတယ်။ ဒါပေမယ့် ရီးယဲလ်ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို ရာသီဝက် အငှားနဲ့ အသင်းကနေ ထွက်ခွာပေးပါ့မလားဆိုတာ မသေချာသေးပဲ လက်ရှိမှာ ရီးယဲလ် ကွင်းလယ်လူ ချူအာမန်နီမှာလည်း ဒဏ်ရာ ရရှိနေသလို ရီးယဲလ် ကွင်းလယ်မှာလည်း အားနည်းနေတာမို့ ကာမာဗင်ဂါကို အငှားချဖွယ် မရှိနိုင်ပါဘူး။ ဒါပေမယ့် အာဆင်နယ်ကတော့ လာမယ့်နွေမှာပဲ ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်ထားပြီး ချယ်လ်ဆီးနဲ့အပြိုင် ကမ်းလှမ်းရဖွယ်လည်း ရှိနေပါတယ်။

Exit mobile version