MySport Myanmar

ဒီတစ်ပတ်အတွင်းမှာပဲ ဂျေဆူးနဲ့ မာတီနက်ဇ်တို့ကို အရခေါ်ယူသွားမယ့် အာဆင်နယ်

လက်ရှိမှာ လက်ရှိကစားသမားလေး မာကွင်ဟို့စ်နဲ့ ကွင်းလယ်လူ ဗီအဲရာတို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုတစ်ပတ်အတွင်းမှာပါ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ မန်စီးတီး တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဆူးနဲ့ အေဂျက်စ်အသင်း နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ကို အရခေါ်ယူသွားဖို့ တွန်းအားပေး လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အူဘာမီယန်းနဲ့ လာကာဇက်တို့လို အဓိက တိုက်စစ်ကစားသမားတွေကို ဆုံးရှုံးထားရတဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ဂျေဆူးကို ခေါ်ယူချင်နေပြီး ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင်(၃၅)သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ဒီကမ်းလှမ်းမှုချက်ကို မန်စီးတီးအသင်းဘက်က ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က (၂၅)နှစ်အရွယ် တိုက်စစ်ကစားသမား ဂျေဆူးအတွက် ပေါင်သန်း(၅၀)နဲ့ နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းလာဖို့ ရှိနေတဲ့အပြင် ဒီလောက်ပမာဏမျိုးကိုလည်း မန်စီးတီးဘက်က လက်ခံသွားဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အာဆင်နယ်ဟာ အခုတစ်ပတ်အတွင်းမှာပဲ သူတို့ အလိုရှိနေတဲ့ တိုက်စစ်ကစားသမား ဂျေဆူးကို အသင်းဆီ အရောက်ခေါ်ယူသွားဖို့ ရှိနေတဲ့အပြင် နောက်ထပ် ကစားသမားတစ်ဦးအဖြစ် အေဂျက်စ်အသင်းရဲ့ ဗဟိုနောက်ခံလူ မာတီနက်ဇ်ကိုပါ အရခေါ်ယူသွားဖွယ်ပါ ရှိနေပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် နောက်ခံလူ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အေဂျက်စ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက်ပါ (၇)ပွဲထိ ပါဝင်ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။ အေဂျက်စ်အသင်းအတွက် ပွဲပေါင်း(၁၂၀)ထိကို ပါဝင်ထားနိုင်ခဲ့သူ မာတီနက်ဇ်ကို အာဆင်နယ်အသင်းက ပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့်လည်း အာဆင်နယ်ရဲ့ ကနဦး ကမ်းလှမ်းချက်ကို အေဂျက်စ်ဘက်က ပယ်ချထားခဲ့တာကြောင့် ပေါင်သန်း(၃၀)လောက်နဲ့ ထပ်တိုးကမ်းလှမ်းဖို့ ရှိနေပါတယ်။ အာဆင်နယ်ဟာ ဒီကစားသမား(၂)ဦးကို အခု ဇွန်လအတွင်းမှာပဲ အပြီးသတ် ခေါ်ယူသွားနိုင်ဖို့ စီစဉ်နေတာဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေ မတိုင်ခင်မှာ အသင်းဆီ ကစားသမားသစ်တွေ ရောက်ရှိနေစေဖို့ အစွမ်းကုန် လုပ်ဆောင်ဖွယ်လည်း ရှိနေပါတယ်။

Exit mobile version