ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ စပိန် လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ သောမတ်စ် ပါတေးကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် ပါတေးရဲ့ စာချုပ် ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင်၄၅သန်းကို ပေးချေဖို့ ဆန္ဒမရှိဘူးလို့ The Athletic သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အသက်၂၇နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ပါတေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဟာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်သလို ပါတေးကို ခေါ်ယူဖို့ အက်သလက်တီကို အသင်းနဲ့ ဆွေးနွေးမှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ပါတေးရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Football London

ဒါပေမယ့် အာဆင်နယ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့အတွက် မရေရာ မသေချာတဲ့ အနေအထားမှာ ရောက်ရှိနေတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ များပြားလှတဲ့ ပြောင်းရွှေ့ကြေးတွေကို အသုံးပြုဖို့ လက်တွန့်နေပြီး ကိုရိုနာဗိုင်းရပ် ပြဿနာကြောင့် စီးပွားရေး ကျပ်တည်းနေချိန်မှာ အသင်းရဲ့ အသုံးစရိတ်ကို တတ်နိုင်သမျှ လျှော့ချဖို့ လုပ်ဆောင်နေပါတယ်။ အဆိုပါ အသုံးစရိတ် လျှော့ချမှု အစီအစဉ်ကြောင့်ပဲ အာဆင်နယ် အသင်းဟာ ပါတေးကို ခေါ်ယူရာမှာ ပါတေးရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ပေါင်၄၅သန်းကို ပေးချေဖို့ ဆန္ဒမရှိပဲ ပါတေးကို ပြောင်းရွှေကြေး ပေါင်၄၀သန်းအောက်မှာသာ ရှိတဲ့ ပမာဏ တစ်ခုနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေကလည်း ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Football London

အသက်၂၇နှစ်အရွယ် သောမတ်စ် ပါတေးဟာ လက်ရ​ှိ ဘောလုံးရာသီမှာ ဆိုရင် အက်သလက် တီကို မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ပွဲ အထိ ပါဝင် ကစားခွင့် ရရှိထားသူ ဖြစ်ပြီး သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု တစ်ကြိမ်ကိုလည်း ပြုလုပ်ထားနိုင်သူပါ။ အထူးသဖြင့် ပါတေးဟာ ဘောလုံးဖျက်ထုတ်မှုအပိုင်း မှာ အတော်လေး ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လက်ရှိ စပိန်လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါ့အပြင် ပါတေးဟာ အက်သလက်တီကို အသင်းနဲ့အတူ ၂၀၂၃ခုနှစ်အထိ စာချုပ်ရှိနေသူ ဖြစ်တာကြောင့် အက်သလက်တီကို မက်ဒရစ် အသင်းဘက်ကတော့ ပါတေးကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိပဲ အာဆင်နယ်ကသာ ပါတေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကို မပေးချေဘူးဆိုရင် ပါတေးဟာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ထွက်ခွာခွင့် မရရှိနိုင် ဘူး လို့ စပိန်အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။