မကြာသေးခင်က စည်းကမ်းပိုင်းဆိုင်ရာ မလိုက်နာမှုကြောင့် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲ ဆင်နွဲဖို့ ရက်ပိုင်းအလိုမှာပဲ ကိုဗစ်ပိုး ကူးစက်ခံထားရကာ ပြန်လည်ကောင်းမွန်လာချိန်မှာ နှလုံးရောဂါ ဖြစ်နိုင်ဖွယ် အနေအထားတွေကို စစ်ဆေးတွေ့ရှိခဲ့ရလို့ အသင်းရဲ့ ပွဲတွေ လွဲချော်ထားခဲ့ရတဲ့ ပီယာအန်းမရစ်အူဘာမီယန်း သူအနေနဲ့ အာဆင်နယ်နဲ့ လမ်းခွဲရမယ်ဆိုရင်တောင် အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသက ကလပ်အသင်းတွေမှာ မကစားချင်ပဲ ဥရောပက ကလပ်အသင်းတွေမှာသာ ပါဝင်ကစားချင်တယ်လို့ သိရှိရပါတယ်။

Photo Credit : CNN

အသက်(၃၂)နှစ်အရွှယ် ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်ပေမယ့် သူရဲ့စည်းကမ်းဆိုင်ရာ အားနည်းမှုကြောင့် နည်းပြအာတီတာကနေ အူဘာမီယန်းကို အသင်းခေါင်ဆောင်အဖြစ် ဖယ်ရှားခဲ့ပြီး အသင်းရဲ့လူစာရင််းကပါ ဖယ်ရှားခဲ့ပါတယ်။ ကိုဗစ်သက်သာပြီးခါစ နှလုံးရောဂါ ဖြစ်နိုင်ဖွယ် အနေအထားတွေနဲ့ ရင်ဆိုင်နေရတဲ့ အူဘာမီယန်းဟာ လက်ရှိမှာ အာဆင်နယ်အသင်းဆီ ပြန်လည်ရောက်ရှိနေပြီး စစ်ဆေးမှု ရလဒ်တွေအရ စိုးရိမ်စရာ အနေအထားမှာ မရှိတော့ပဲ ဘောလုံးဆက်ကစားဖို့က အဆင်ပြေနေပြီ ဖြစ်ပါတယ်။

Photo Credit : Mirror

ဒါပေမယ့် အာဆင်နယ်နည်းပြ အာတီတာက အူဘာမီယန်းကို အသင်းရဲ့ လူစာရင်းမှာ ပြန်လည်အသုံးပြုပါ့မလားဆိုတာ သေချာ မသိရှိရသေးသလို အခုဟာလည်း ဆောင်းစျေးကွက် မပိတ်သိမ်းခင် ဖြစ်နေသေးတာကြောင့် အူဘာမီယန်းအနေနဲ့ အသင်း အပြောင်းအလဲပါ ဖြစ်သွားနိုင်ပါတယ်။ လတ်တလောမှာတော့ အူဘာမီယန်းကို အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျက ဘောလုံးကလပ် Al-Hilal အသင်းကနေ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီကမ်းလှမ်းမှုအပေါ် အာဆင်နယ်အသင်းဘက်ကနေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ မသိရှိသေးပေမယ့် အူဘာမီယန်းကတော့ Al-Hilal လို အရှေ့အလယ်ပိုင်းက ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိပဲ ဥရောပ ကလပ်အသင်းတွေဆီမှာ ပါဝင်ကစားချင်နေတယ်လို့ သိရှိရပါတယ်။ ဗြိတိန်နာမည်ကြီး အားကစားသတင်းထောက် ဒေးဗစ်အော်စတိန်းရဲ့ ဖော်ပြချက်အရ အူဘာမီယန်းက သူရဲ့အရည်အသွေးကို သက်သေပြဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ စိတ်ပိုင်းဖြတ်ထားပေမယ့် အာဆင်နယ်အသင်းဘက်ကနေသာ သူ့အတွက် အခွင့်အရေး ထပ်မပေးနိုင်တော့ရင် အခု သူ့ကို ခေါ်ယူချင်နေတဲ့ အရှေ့အလယ်ပိုင်း အသင်းတွေထက် ဥရောပက ထိပ်တန်းအသင်းတွေဆီကိုသာ ပြောင်းရွှေ့လိုတယ်လို့ ဖော်ပြထားပါတယ်။