ဘိုင်ယန်မြူးနစ်အသင်းဆီကို ဒီနှစ်ဘောလုံးရာသီအစမှာ ဘာစီလိုနာအသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဖီလစ်ပီကော်တင်ဟိုက ဘိုင်ယန်အသင်းရဲ့ အပြီးသတ်ခေါ်ယူမှုကို မရရှိနိုင်တော့သလို သူရဲ့ မူလအသင်းဖြစ်တဲ့ ဘာစီလိုနာကလည်း ကော်တင်ဟိုကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ ဆန္ဒမရှိတာကြောင့် ကော်တင်ဟိုရဲ့ အနာဂတ်က မရေမရာ ဖြစ်လို့နေရပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ကော်တင်ဟိုကို ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်တစားရှိနေကြပြီး ဒီအသင်းတွေထဲမှာ အာဆင်နယ်အသင်းလည်း ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Image

အသက်(၂၇)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ ၂၀၁၈ခုနှစ်ကမှ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ အံ့ဝင်ခွင်ကျခြင်းမရှိလို့ ဘိုင်ယန်အသင်းဆီကို အငှားချခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မှာလည်း ထင်သလောက် အလုပ်မဖြစ်တာကြောင့် အပြီးသတ်ခေါ်ယူခြင်းမရှိတာဖြစ်ပါတယ်။ ဒီလို အနာဂတ် မသေမချာဖြစ်လို့နေတဲ့ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းက ကော်တင်ဟိုရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Getty Image

ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ လီဗာပူးလ်ကစားသမားဟောင်း ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီး စပါး မန်ချက်စတာယူနိုက်တက်နဲ့ အသင်းဟောင်းလီဗာပူးလ်တို့ကနေ အပြိုင်စိတ်ဝင်စားနေကြတာဖြစ်ပြီး ဒီထဲကမှ ချယ်လ်ဆီးအသင်းက ကော်တင်ဟိုအပေါ် စိတ်ဝင်စားမှု ပိုမိုပြသခဲ့ပေမယ့် အခုတော့ သူရဲ့ လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ အာဆင်နယ်နဲ့ အပြိုင်ကမ်းလှမ်းရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက အာဆင်နယ်ထက်စာရင် လာမယ့်နှစ်အတွက် ဥရောပချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပိုမိုနီးစပ်လို့နေပြီး အာဆင်နယ်ကတော့ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာကို ရောက်ရှိနေတာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသလို ချယ်လ်ဆီးနဲ့ယှဉ်ရင်လည်း ဘတ်ဂျက်ပိုင်းမှာ အားနည်းနိုင်ပါတယ်။ ဘာစီလိုနာအသင်းကတော့ ကော်တင်ဟိုကို ထပ်မံအငှားချတာထက် အပြီးသတ်ရောင်းထုတ်သွားချင်နေတာမို့ သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ်ရှိနေပါတယ်။