ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အီတလီ စီးရီးအေကလပ် ဆက်ဆူအိုလိုအသင်းရဲ့ ကွင်းလယ်လူ လိုကာတယ်လီကို ခေါ်ယူဖို့ အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ထားကြောင်း ဆက်ဆူအိုလိုအသင်းက အတည်ပြုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာကို ရိုးမားအသင်းထံ ရောင်းထုတ်ရဖို့ ရှိနေတာကြောင့် သူ့နေရာမှာ အစားထိုးမယ့် ကွင်းလယ်လူ တဦးကို ရှာဖွေနေတာ ဖြစ်ပြီး အီတလီ လက်ရွေးစင်အသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ လိုကာတယ်လီဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

လက်ရှိမှာ အာဆင်နယ်အသင်းဟာ အန်ဒါလက်ချ် ကွင်းလယ်လူ လိုကွန်ညာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူထားနိုင်ပေမယ့် လိုကွန်ညာဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့ အချိန်အနည်းငယ် ယူရဖွယ် ရှိတာကြောင့် အသင့်သုံးလို့ ရမယ့် လိုကာတယ်လီကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

အသက် ၂၃နှစ် အရွယ် လိုကာတယ်လီဟာ ယခု ကျင်းပနေတဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ အီတလီအသင်း အတွက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး ဆက်ဆူအိုလိုအသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း အလိုရှိနေကာ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းက လိုကာတယ်လီ အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ထားပါတယ်။

Photo Credit: Standard

ယခုအချိန်မှာတော့ အာဆင်နယ်အသင်းကလည်း လိုကာတယ်လီ အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး အာဆင်နယ်အသင်းဟာ လိုကာတယ်လီကို ခေါ်ယူဖို့ အတော်လေးကို စိတ်ဝင်စားနေကြောင်းနဲ့ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုဟာ အတော်လေးကို ကောင်းမွန်ကြောင်း ဆက်ဆူအိုလိုအသင်းရဲ့ CEO ကာနယ်ဗယ်လီက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လိုကာတယ်လီအတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သတ်ပြီး ကာနယ်ဗယ်လီက – “အာဆင်နယ်အသင်းက လိုကာတယ်လီ အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပါတယ်။ သူတို့က မန်နျူရယ် (လိုကာတယ်လီ) ကို ခေါ်ယူဖို့ အတော်လေး ကြိုးစားနေတာပါ။ ပြီးတော့ သူတို့ရဲ့ ကမ်းလှမ်းမှုက ကောင်းမွန်ပါတယ်။ ဘာတွေဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့တွေ စောင့်ကြည့်ရမှာပါ” လို့ ပြောကြား သွားခဲ့တာပါ။