ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ပါတေးကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ အသက် ၂၇နှစ် အရွယ် ကွင်းလယ်ခံစစ် ကစားသမား ပါတေးဟာ အာဆင်နယ်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦးဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းက ပါတေးရဲ့ စာချုပ် ဖျက်သိမ်းကြေး ဖြစ်တဲ့ ပေါင် ၄၅သန်းကို ပေးချေနိုင်ပါက ခေါ်ယူနိုင်ကြောင်း ယခင်ကထဲက ပြောဆို ထားခဲ့ပါတယ်။

Photo Credit: Standard

ကနဦးမှာတော့ အာဆင်နယ်အသင်းဟာ ပါတေးကို ခေါ်ယူမယ့် အစား လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ ဟူဆန်အာဝါကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် လိုင်ယွန်အသင်းဟာ အာဝါအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကျော် အလို ရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရပြီး အာဝါဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ လိုင်ယွန်အသင်းမှာသာ ဆက်ရှိသွားတော့မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းဟာ အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် သေချာတဲ့ ကစားသမား ခေါ်ယူမှုအဖြစ် ပါတေးကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး ပါတေးအတွက် အက်သလက်တီကို မက်ဒရစ်အသင်းက အလိုရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ကို ပေးချေမယ် လို့ အက်သလက်တီကို အသင်းထံ အသိပေးခဲ့ကြောင်း ESPN သတင်းဌာနက ဖော်ပြသွားပါတယ်။

Photo Credit: Standard

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ တရား​ဝင် ဆွေးနွေးမှုတွေ စတင် နေပြီး မကြာခင်မှာ အပြီးသတ်နိုင်မယ် လို့ ယုံထားကြောင်း သိရပါတယ်။ အသက် ၂၇နှစ် အရွယ် ပါတေးဟာ ယခင်ကတည်းက အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လိုခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတချို့နဲ့ သူ့ရဲ့ အေးဂျင့်ဟာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီ လို့ သိထား ရပါတယ်။ ပြင်သစ် အခြေစိုက် သတင်းဌာနတွေမှာတော့ ပါတေးဟာ အာဆင်နယ်အသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုမယ် လို့ ဖော်ပြ ထားကြပါတယ်။