အာဆင်နယ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဘရာဇီးဝါရင့်တောင်ပံကစားသမား ဝီလီယံနဲ့ လိုင်လီအသင်းရဲ့ဘရာဇီးနောက်ခံကစားသမားလေး ဂါဘရီရယ်မက်ဂါလက်စ်တို့ကို ခေါ်ယူထားခဲ့ပြီးနောက် နောက်ထပ်ဘရာဇီးကစားသမားသစ်တစ်ယောက်ကိုလည်း ခေါ်ယူသွားဖို့ စတင်ပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒီကစားသမားကတော့ အာဆင်နယ်ရဲ့လန်ဒန်မြို့ခံကလပ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ကွင်းလယ်ကစားသမား ဖီလစ်ပီအန်ဒါဆန်ဖြစ်ပြီး တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၂၇)နှစ်အရွှယ်ရှိ ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ်ပီအန်ဒါဆန်ဟာ နည်းပြဒေးဗစ်မိုရက်စ်လက်အောက်မှာ ပုံမှန်နေရာပျောက်ဆုံးလျက်ရှိနေပြီး ခြေစွမ်းပြသဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် အန်ဒါဆန်လို အရည်အသွေးမြင့် ကစားသမားတစ်ယောက်ကို ဝက်စ်ဟမ်းအသင်းရဲ့မြို့ခံအသင်းဖြစ်တဲ့ အာဆင်နယ်ဘက်ကနေ စိတ်ဝင်တစားရှိလို့နေပြီး ရာသီသစ်မစတင်ခင်မှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် အန်ဒါဆန်ကို ခေါ်ယူချင်နေကာ တစ်ရာသီအငှားလောက်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Mirror

ဖီလစ်ပီအန်ဒါဆန်ဟာ ၂၀၁၈ခုနှစ်ကမှ လာဇီယိုအသင်းကနေ ဝက်စ်ဟမ်းအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၃၆)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားခဲ့ကာ အသင်းရဲ့အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ အန်ဒါဆန်ာ သူရဲ့ဝက်စ်ဟမ်းကစားသမားဘဝ ပထမဆုံးရာသီမှာ အသင်းနဲ့အတူ ပွဲပေါင်း(၄၀)အထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း သူရဲ့စိတ်နေစိတ်ထားတွေကြောင့် ဝက်စ်ဟမ်းဘက်ကနေ သဘောမကျတာကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လမ်းခွဲဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ ဒီလို အနာဂတ်မရေမရာ ဖြစ်လာခဲ့တဲ့ အန်ဒါဆန်ကို အာဆင်နယ်ဘက်ကနေ တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းလာခဲ့ပြီး အငှားခေါ်ယူခအဖြစ်နဲ့ ပေါင်(၅)သန်းလောက် ပေးချေသွားဖွယ်လည်း ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ နွေစျေးကွက်အတွင်းမှာ ဝီလီယံနဲ့ ဂါဘရီရယ်တို့ကို ခေါ်ယူထားခဲ့ပြီး မနှစ်က ဘောလုံးရာသီအတွင်း ရီးရဲလ်မက်ဒရစ်ကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဒါနီစီဘယ်လော့စ်ကိုပါ နောက်ထပ်တစ်ရာသီ ထပ်မံအငှားနဲ့ ခေါ်ယူဖို့ကိုပါ အခြေအနေ အရမ်းကောင်းလျက်ရှိနေပါတယ်။