အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ မနေ့ကပဲ အာဆင်နယ်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ရေးထိုးခဲ့ပြီး အသင်းနဲ့ သက်တမ်းတိုးမြှင့်နိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းဘက်က သူ့ကို သက်တမ်းတိုးဖို့ ကမ်းလှမ်းလာချိန်ဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ(၃)ပွဲထိ ရင်ဆိုင်ထားပြီးချိန် ဖြစ်နေရတယ်လို့ နည်းပြအာတီတာက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

စပိန်လူမျိုး ဘောလုံးနည်းပြ အာတီတာဟာ သူရဲ့အာဆင်နယ်အသင်းကို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းတွေကို ဆက်တိုက်နိုင်ပွဲရအောင် စွမ်းဆောင်ထားပြီး အသင်းကိုပါ အဆင့်(၄)နေရာကို ပို့ဆောင်ထားနိုင်ခဲ့လို့ အခုလို စာချုပ်သက်တမ်းတိုးဖို့ အသင်းဘက်ကနေ ဆုံးဖြတ်ချက်လိုက်တာလို့ ယူဆနိုင်ပေမယ့် သူ့ကို အာဆင်နယ်ဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းချိန်ဟာ ခရစ္စတယ်ပဲလေ့စ် ဘရိုက်တန်နဲ့ ဆောက်သမ်တန်တို့ကို တောက်လျှောက်ရှုံးနိမ့်ထားချိန်မှာ ဖြစ်တယ်လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။

အာတီတာက “ကျွန်တော်တို့တွေ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ(၃)ပွဲ ရင်ဆိုင်ခဲ့ရပြီးမှ ကလပ်အသင်းကနေ ကျွန်တော့်ကို စာချုပ်သစ် ကမ်းလှမ်းလာခဲ့ပါတယ်။ ဒါမျိုးက ဘောလုံးလောကထဲမှာ ဖြစ်ပေါ်လေ့ မရှိပါဘူး။ ဒါက သူတို့တွေးမြင်နေတဲ့ အစိတ်အပိုင်းတစ်ခုအပြင် ကျွန်တော်တို့ ပြောဆိုဆွေးနွေးထားတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ကျွန်တော်တို့ရဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့်ပါပဲ။ ဒီဘောလုံးအသင်းကို ပိုင်ဆိုင်ပြီး ဦးဆောင်နေကြတဲ့ သူမျိုးကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးသေးသလို အခု မြင်လိုက်ရတော့လည်း စိတ်ထဲ ကြည်နူးမိရတယ်။ ဒီလူတွေက အလုပ်အပေါ် အလေးအနက်ထားပြီး ကတိတည်နိုင်တာကြောင့် ကျွန်တော်အနေနဲ့ ရှေ့ဆက်တွန်းအားပေးဖို့ ပိုအားရှိလာခဲ့ရတယ်။ ဘောလုံးနယ်ပယ်မှာဆိုရင် စကားလုံးတွေနဲ့ အချက်အလက်တွေဆိုတာ ရလဒ်တွေနဲ့ ပတ်သက်ပြီး အလွန်ကွဲပြားနိုင်သလို အရမ်လည်း အရေးမကြီးပါဘူး။ ဒါတွေက လပေါင်းများစွာအတွက်ရော ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွက်ပါ အဲ့ဒါကပဲ အရေးပါတဲ့ အရာတစ်ခုလို့ အဓိပ္ပါယ် ရှိနေခဲ့သလို အဲ့ဒါကနေပဲ ရလဒ်တွေ ဆက်တိုက်ဆိုးနေရတဲ့ အချိန်မှာပဲ စာချုပ်စာတမ်းကိစ္စတွေကို စီစဉ်လာခဲ့တဲ့အထိ ဖြစ်စေရတယ်။ ဒါကြောင့် ကျွန်တော့်အတွက်ကတော့ ကလပ်အသင်းမှာ ရှိနေတဲ့ တာဝန်ရှိသူတွေကို ဖော်ပြဖို့က ဒီထက် ပိုကောင်းတဲ့ နည်းလမ်း ရှိမနေတော့ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။