အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ မကုန်ဆုံးခင်မှာပဲ အသင်းရဲ့နည်းပြဖြစ်သူ မီခယ်လ်အာတီတာကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ လုပ်ဆောင်ဖွယ် ရှိလို့နေပြီး အာတီတာနဲ့ အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာလည်း အခုဆိုရင် လက်ကျန် (၁၂)လထဲကို ရောက်နေပြီဖြစ်တာကြောင့် အခုလို စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဉ်လာရတာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
အာဆင်နယ် ကစားသမားဟောင်း အာတီတာဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာပဲ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး စတင်တာဝန်ယူတဲ့ ဘောလုံးရာသီမှာ အသင်းအတွက် အက်အေဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အတတ်အကျများစွာနဲ့ ဖြတ်သန်းနေရတဲ့ အာတီတာဟာ ဒီနှစ်ရာသီ အစပိုင်းမှာ အသင်းရလဒ်တွေ ကောင်းမွန်အောင် မစွမ်းနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အသင်းရလဒ်တွေ ပြန်ကောင်းလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက်ကိုပါ မျှော်လင့်ချက် ရှိလာခဲ့ရပါတယ်။ အာတီတာရဲ့ အသင်းပေါ် စွမ်းဆောင်ထားနိုင်မှုအပေါ် အာဆင်နယ်အသင်းရဲ့ အကြီးအကဲတွေက သဘောကျနေပြီး သူရဲ့စာချုပ်သက်တမ်းကိုပါ ထပ်တိုးသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်တယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Mail
အာတီတာဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၂)ရာသီအတွင်းမှာ အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ရအောင် မစွမ်းနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီမှာဆိုရင်လည်း ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ထားခဲ့ရပေမယ့် သူ့လက်ထက်မှာ အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဆာခါ စမစ်ရိုးတို့ အလွန်တောက်ပလာခဲ့သလို အသင်းမှာ စည်းကမ်းလိုက်နာမှု အားနည်းတဲ့ ကစားသမားမျိုးကိုလည်း ပြတ်ပြတ်သားသား အပြစ်ပေးတာ လူစာရင်းကနေ ဖယ်ရှားထားတာမျိုးတွေ လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် အသင်းရဲ့ ပိုင်ရှင်တွေ အကြီးအကဲတွေက သဘောကျနေတာကြောင့် အာတီတာကို နောက်ထပ်(၂)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားချင်နေတာ ဖြစ်ပါတယ်။ အာတီတာရဲ့ လက်ရှိစာချုပ် ကုန်ဆုံးမယ့်အချိန်ဟာ မန်စီးတီးအသင်းရဲ့နည်းပြကြီး ပတ်ဂွာဒီယိုလာ သူ့အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်နဲ့ တူညီနေတာကြောင့် မန်စီးတီးအသင်းဘက်က ဂွာဒီယိုလာရဲ့နေရာမှာ ဂွာဒီယိုလာရဲ့လက်ထောက်အဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ အာတီတာနဲ့ အစားထိုးမှာကို အာဆင်နယ်ဘက်ကနေ ကြိုတင်ကာကွယ်ထားတဲ့အနေနဲ့ အခုလို သက်တမ်းတိုးသွားချင်တာလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။