ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ အွန်နရီက ခေါ်ယူဖို့ တိုက်တွန်း အကြံပေးထားတဲ့ အန်ဒါလက်ချ် ကွင်းလယ်လူ လိုကွန်ဂါ အတွက် တရားဝင် ကမ်းလှမ်းမှုကို စတင် ပြုလုပ်ခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ချာကာကို ရိုးမားအသင်းထံ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ဗဟို ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး အွန်နရီရဲ့ ထောက်ခံမှုကို ရထားတဲ့ လိုကွန်ဂါဟာ သူတို့အသင်းရဲ့ နွေဈေးကွက် အတွင်း ပထမဦးဆုံး ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

Photo Credit: Football London

အသက် ၂၁နှစ် အရွယ် အန်ဒါလက်ချ်အသင်းရဲ့ အဓိက ကွင်းလယ်လူ လိုကွန်ဂါဟာ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ကာ ယခုနှစ် ဘောလုံးရာသီမှာ အန်ဒါလက်ချ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ အထိ ကစားပေးခဲ့ကာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ ကင်းထောက်တွေဟာ လိုကွန်ဂါရဲ့ ခြေစွမ်းကို သတိပြုမိခဲ့သလို အန်ဒါလက်ချ်အသင်းနဲ့ အချိတ်အဆက် ရှိတဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အွန်နရီကလည်း လိုကွန်ဂါဟာ အာဆင်နယ်အသင်းမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား ဖြစ်ကြောင်း အာဆင်နယ် အသင်းရဲ့ ဘုတ်အဖွဲ့တွေကို ပြောကြားထားပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metroရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လိုကွန်ဂါ အတွက် အန်ဒါလက်ချ်အသင်းထံ တရားဝင် ကမ်းလှမ်းမှု တခုကို စတင် ပြုလုပ်ခဲ့ပြီး လိုကွန်ဂါအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် အန်ဒါလက်ချ်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ လိုကွန်ဂါ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း အထိ လိုချင်နေကာ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ ရှိနေကြောင်း ဘယ်လ်ဂျီယံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ လိုကွန်ဂါအတွက် အန်ဒါလက်ချ်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတာကြောင့် အာဆင်နယ်အသင်းနဲ့ အန်ဒါလက်ချ်အသင်းတို့ ကြားမှာ လိုကွန်ဂါအတွက် သဘောတူညီမှု ရရှိဖွယ် ရှိကြောင်း အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။