အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ရေး ပါလောကတော့ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်း မရှိဘူး ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်သီး အဆင့် (၄) နေရာ အတွင်း ဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပြီး အူဘာမီယန်းရဲ့ သွင်းဂိုးတွေကို အစားထိုးလို့ မရဘူးလို့လည်း ပြောသွားခဲ့ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ယခုလ အစောပိုင်းက ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ်မှာ တိုက်စစ်မှူး ပူလီဆစ်ရဲ့ သွင်းဂိုးကို အရင်ဆုံး ခွင့်ပြုခဲ့ရပေမယ့် အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် ချဲလ်ဆီးအသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) ပွဲ ကစားထားရာမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၂) ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး (၂၃) ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဗာဒီကို မှီဖို့ (၁) ဂိုးသာ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အူဘာမီယန်းဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၉) ဂိုးအထိ သွင်းယူခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ရေး ပါလောက အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူး အူဘာမီယန်းရဲ့ သွင်းဂိုးတွေကို အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ရေး ပါလောက “အူဘာမီယန်းရဲ့ သွင်းဂိုးကို အစားထိုးနိုင်မှာ မဟုတ်ဘူး။ သူ အသင်းမှာ ဆက်နေမယ် ဆိုရင် အခြေအနေ ကောင်းလာလိမ့်မယ်။ ဒါကလည်း သတင်းကောင်း ဖြစ်လိမ့်မယ်။ နည်းပြနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ကျွန်တော် မြင်ခဲ့ပြီး ဒါက အလွန် အရေးကြီးပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ နောက်ဆုံး ခရာ မှုတ်ပြီးတဲ့ အချိန်မှာ နည်းပြ အာတီတာက အူဘာမီယန်းဆီကို တိုက်ရိုက်သွားခဲ့တယ်။ သူ အဲဒီပွဲစဉ်မှာ (၂) ဂိုး သွင်းတာ ကျွန်တော် သိတယ်။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက တကယ် ကောင်းတယ် ဆိုတာ မြင်ရတယ်။ တကယ်လို့ သူသာ ထွက်သွားမယ် ဆိုရင် ထိပ်သီး အဆင့် (၄) နေရာကို ဝင်နိုင်ဖို့ လုံးလောက်တဲ့ သွင်းဂိုး အသင်းမှာ ရှိတော့မှာ မဟုတ်ပါဘူးလို့ ကျွန်တော် ထင်ပါတယ်”လို့ talkSPORT မှာ ပြောကြားသွားခဲ့ပါတယ်။