အာဆင်နယ်အသင်းကတော့ သူတို့အသင်းမှာ နှစ်ရှည်များစွာ အရန်ဂိုးသမားအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို အက်စတွန်ဗီလာအသင်းဆီ ရောင်းချခဲ့ပြီးနောက်မှာ သူရဲ့နေရာကို အစားထိုးသွားဖို့အတွက် ဂိုးသမားသစ်တစ်ယောက် လိုက်လံရှာဖွေလျက်ရှိနေရာ အခုတော့ ပြင်သစ်လီဂူးကလပ် ဒီဂျွန်အသင်းရဲ့ဂိုးသမားဖြစ်သူ အဲလက်စ်ရူနာဆန်ဆိုတဲ့ ဂိုးသမားလေးကို ခေါ်ယူလိုက်နိုင်ပြီလို့ သိရှိရပါတယ်။ ဒီဂိုးသမားလေးရဲ့အကြောင်းတွေကို ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Daily Cannon

အမည်ရင်း – ရူနာအဲလက်စ်ရူနာဆန်
မွေးသက္ကရာဇ် – ၁၈ ဖေဖော်ဝါရီ ၁၉၉၅ခုနှစ် (၂၅နှစ်)
နိုင်ငံ – အိုက်စလန်
ကစားတဲ့နေရာ – ဂိုးသမား
အသင်းဟောင်း – ဒီဂျွန်

Photo Credit : Arsenblog News

အသက်(၂၅)နှစ်သာရှိနေသေးတဲ့ ရူနာဆန်ဟာ နာမည်ကျော် အိုက်စလန်လက်ရွေးစင်ဟောင်း ခရစ်စတန်ဆန်ရဲ့ သားဖြစ်ပြီး အခုဆိုရင် ရူနာဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ထိပ်သီးကလပ် အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့ရပြီဖြစ်လို့ သူရဲ့ဖခင်ထက်တောင် ပိုမိုကျော်ကြားလာဖွယ် ရှိနေပါတယ်။ ရူနာဆန်ဟာ ဒိန်းမတ်ကလပ် နော်ဂျေးလန်းအသင်းမှာ (၃)နှစ်ကြာအောင် ပါဝင်ကစားခဲ့ပြီး အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ရူနာဆန်ဟာ ဒီဂျွန်အသင်းကို ရောက်ရှိလာခဲ့ရပြီး အဲ့ဒီကမှတစ်ဆင့် အာဆင်နယ်အသင်းဆီကို ထပ်မံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Football.London

အာဆင်နယ်အသင်းဟာ အိုက်စလန်ဂိုးသမားလေး ရူနာဆန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁.၆)သန်းနဲ့ပဲ ခေါ်ယူခဲ့ရတာဖြစ်ပြီး ကျောနံပါတ်(၁၃)ကို ပေးအပ်သွားမှာဖြစ်ကာ ဒီတစ်ပတ်ရဲ့ကြားရက်မှာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကာရာဘောင်းရှံးထွက်ဖလားပြိုင်ပွဲမှာ စတင်အသုံးပြုလာဖွယ် ရှိနေပါတယ်။ မာတီနက်ဇ်ရဲ့နေရာကို အစားဝင်လာတဲ့ ဒီအိုက်စလန်ဂိုးသမားလေး ရူနာဆန်အနေနဲ့ အာဆင်နယ်အသင်းမှာ အဓိကဂိုးသမားလေနိုကို ကျော်ဖြတ်ပြီး အသင်းရဲ့ပွဲထွက်ဂိုးသမားအထိ ဖြစ်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်တစားနဲ့ ဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။