ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ စပိန် လာလီဂါ အသင်းတသင်း ဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ သရေရလဒ်သာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ နှစ်ပေါင်း ၂၅နှစ် အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ဥရောပ ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ဖို့ နီးစပ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းတည်ငြိမ်မှု အားနည်းခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာ အထိ ရောက်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့် ၄နေရာက ချယ်လ်ဆီးအသင်းနဲ့ ရမှတ် ၁၂မှတ် အထိ ကွာဟနေသလို ယူရိုပါလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့် ၆နေရာက စပါးအသင်းနဲ့ ၇မှတ်အထိ ကွာဟနေတာကြောင့် လက်ကျန်ပွဲစဉ် ၄ပွဲစလုံးကို အနိုင်ရရှိရင်တောင် ဥရောပပြိုင်ပွဲဝင်ခွင့် ရဖို့ အတော်လေး ရုန်းကန်ရမယ့် အနေအထားပါ။

Photo Credit: The Sun

ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ ခရွန်ကီ မိသားစုကို အသင်းကနေ ထွက်ခွာသွားဖို့ ၊ အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကို အသင်းကနေ ထုတ်ပယ်ဖို့ ၊ ထိပ်တန်း ကစားသမားတွေကို အသင်းထံ ခေါ်ယူပေးဖို့ စတဲ့ တောင်းဆိုမှုတွေကို ပြုလုပ်လာခဲ့ပြီး အာဆင်နယ် အသင်းရဲ့ နည်းပြ အာတီတာရဲ့ အနာဂတ်ဟာ အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်လာပါတယ်။ လက်ရှိမှာ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ 90 mins ကတော့ အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ်တဦး ခန့်အပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လျာထားတဲ့ နည်းပြစာရင်းကိုတောင် ပြုလုပ်ထားပြီးပြီ ဖြစ်ကြောင်း အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: The Sun

ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့တွေဟာ အာတီတာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြဟောင်း ဘင်နီတက်ဇ် ၊ လက်စတာအသင်းရဲ့ နည်းပြ ဘရန်ဒန် ရော်ဂျာ ၊ ရိုးမားအသင်း ကနေ ရာသီကုန်မှာ ထွက်ခွာမယ့် ဖွန်ဆီကာ ၊ အတ္တလန်တာနည်းပြ ဂတ်စပါရီနီ ၊ ဂျူဗင်တပ် နည်းပြဟောင်း အယ်လီဂရီနီတို့ကို လျာထားကြောင်း သိရပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ အာဆင်နယ်အသင်းရဲ့ နည်းပြသစ် ဖြစ်ဖို့ ရေပန်းအစားဆုံး နည်းပြအဖြစ် ဘင်နီတက်ဇ်ကို သတ်မှတ်ထားပြီး ဘင်နီတက်ဇ်ရဲ့ အနောက်မှာ ဒုတိယမြောက် ရေပန်းအစားဆုံး နည်းပြအဖြစ် အယ်လီဂရီနီ ၊ တတိယမြောက်မှာ ရော်ဂျာတို့ကို ရွေးချယ်ထားကာ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေ ကတော့ လက်စတာအသင်းရဲ့ နည်းပြ ရော်ဂျာကို အသင်းရဲ့ နည်းပြသစ် အဖြစ် မြင်ချင်နေပါတယ်။