MySport Myanmar

အေဘရာဟမ်အတွက် ယူရိုသန်း(၈၀)လောက်ထိ အသုံးပြုရဖွယ် ရှိနေတဲ့ အာဆင်နယ်

လာမယ့် နွေစျေးကွက်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကြီးကြီးမားမား ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းဟာ လတ်တလောမှာ မန်ချက်စတာစီးတီးအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို ချိန်ရွှယ်နေသလို ရိုးမားအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး တမ်မီအေဘရာဟမ်ကိုပါ ခေါ်ယူသွားချင်နေရာ အေဘရာဟမ်အတွက်ကိုတော့ ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၈၀)လောက်အထိ အသုံးပြုရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sport Illustrated

Football.london ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်း ကစားသမားဟောင်းဖြစ်သူ အေဘရာဟမ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးရမလဲဆိုတာကို အေဘရာဟမ်ရဲ့ကလပ် ရိုးမားအသင်းဆီ ဆက်သွယ်ထားခဲ့ရာ ယူရိုသန်း(၈၀)လောက်အထိ ပေးချေရမယ်လို့ ပြန်လည်ပြောဆိုထားခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး အေဘရာဟမ်ဟာ ဒီရာသီမှာ စီးရီးအေသွင်းဂိုး (၁၅)ဂိုးထိ သွင်းယူထားနိုင်သလို ကွန်းဖရန့်လိဂ်မှာလည်း (၈)ဂိုးထိ သွင်းယူထားပြီး အသင်းနဲ့လည်း ဆီမီးဖိုင်နယ်ထိ ရောက်ရှိနေပါတယ်။

Photo Credit : Eurosport

အီတလီမြေမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ အေဘရာဟမ်ဟာ သူရဲ့ စီးရီးအေ ပွဲဦးထွက်ရာသီမှာပဲ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသထားနိုင်တာကြောင့် သူ့ကို အာဆင်နယ် မန်ချက်စတာယူနိုက်တက်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ရိုးမားအသင်းကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ နည်းနစ်ဒါရိုက်တာ အီဒူးကတော့ သူတို့အသင်းအနေနဲ့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရရှိခဲ့မယ်ဆိုရင် အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အေဘရာဟမ်အပြင် ဂျေဇူးကိုပါ ခေါ်ယူအားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်မှာ တိုက်စစ်မှူး အူဘာမီယန်းကို လက်လွတ်ထားရသလို လာကာဇက် အန်ခယ်တီယာတို့ဟာလည်း ဒီရာသီအကုန်မှာ စာချုပ်သက်တမ်းတွေ အသီးသီး ကုန်ဆုံးတော့မှာဖြစ်လို့ လာမယ့်စျေးကွက်ထဲ တိုက်စစ်ကစားသမား(၂)ဦးခန့်လောက် ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

Exit mobile version