အာဆင်နယ်အသင်းရဲ့ ဂိုးသမားသစ်ဖြစ်လာခဲ့တဲ့ အမေရိကန် ဂိုးသမား မတ်တာနာက လာမယ့်ဘောလုံးရာသီအတွင်း အသင်းနဲ့ စတင်ပူးပေါင်းရချိန်မှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးသွားမှာ ဖြစ်သလို အသင်းရဲ့ ပွဲထွက်ဂိုးသမား နေရာအတွက်ကိုလည်း သူနဲ့အသင်းဖော်တွေ ဖြစ်လာမယ့် ဂိုးသမား အာရွန်ရမ်းစ်ဒေးလ်နဲ့ပါအပြိုင် ပထမနေရာကို စိန်ခေါ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၇)နှစ်အရွှယ်ရှိ အမေရိကန်လက်ရွေးစင် ဂိုးသမား မတ်တာနာက သူရဲ့လက်ရှိကလပ် နယူးအင်္ဂလန်ရီဗောလူးရှင်းအသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် ဖေဖော်ဝါရီ (၁၁)ရက်နေ့မှာပဲ အကြိုသဘောတူညီနိုင်ခဲ့တာဖြစ်ပြီး လာမယ့်နွေမှာပဲ အသင်းဆီ တရားဝင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အာဆင်နယ်အသင်းက အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ် ရမ်းစ်ဒေးလ်ကိုသာ ပုံမှန်နေရာပေးထားဖြစ်ပြီး ရမ်းစ်ဒေးလ်ကိုယ်တိုင်ကလည်း လက်စွမ်းပြနေတာဖြစ်လို့ တာနာ ရောက်ရှိလာခဲ့ရင်တောင် ရမ်းစ်ဒေးလ်ရဲ့ အရန်သာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပေမယ့် တာနာကတော့ သူအာဆင်နယ်ကို ရောက်ရှိလာချိန် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် ရမ်းစ်ဒေးလ်ကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ကြုံးဝါးလိုက်ပါတယ်။

Photo Credit : Daily Mail

မတ်တာနာက “ကျွန်တော် နိုင်ငံအသင်းမှာ ပါဝင်ကစားရဖို့ အခွင့်အရေး ရရှိခဲ့စဉ်တုန်းက ကျွန်တော်က တတိယ ဦးစားပေး ဂိုးသမားသာ ဖြစ်နေခဲ့ရတာပါ။ ဘယ်သူကမှလည်း ကျွန်တော့်ကို အလေးအနက်ထားပြီး ကြည့်ရှုနေမှာလည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် အာဆင်နယ်အသင်းဆီကို ဝင်ငွေတွေနဲ့ ပျော်ရွှင်မှုတွေ ရှာဖွေဖို့ သွားမှာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် တွန်းအားပေးသွားမယ်။ အာရွန်ကိုလည်း တွန်းအားပေးသွားမယ်။ သူကိုလည်း ဒီထက်မက ပိုကောင်းတဲ့ အခြေအနေမျိုး ဖြစ်လာဖို့နဲ့ ကျွန်တော်ကိုယ်တိုင်လည်း ပိုကောင်းလာအောင် တွန်းအားပေးသွားမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ တာနာဟာ အမေရိကန် လက်ရွေးစင်အသင်းမှာလည်း သူ့ထက် ပိုုမိုနာမည်ကြီးတဲ့ မန်စီးတီးဂိုးသမားဖြစ်သူ ဇက်စတီဖန်ကိုပါ ကျော်ဖြတ်ပြီး အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် နာမည်ကြီး ဂိုးသမားတွေနဲ့ အပြိုင်အဆိုင် ဖြစ်ဖူးတဲ့ အတွေ့အကြုံ ရှိထားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ကို တာနာရောက်ရှိလာချိန်မှာတော့ အာဆင်နယ်ရဲ့ ဂျာမနီဂိုးသမား လေနိုအနေနဲ့ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပြီး နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။