ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ အသင်းအတွက် အားရစရာကောင်းတဲ့ လူခေါ်ယူမှုတွေနဲ့ စာချုပ် သက်တမ်းတိုးမြှင့်မှုတွေကို အပြီးသတ် လုပ်ဆောင်သွားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းဟာ လတ် တလောမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ခံနေရတဲ့ အသက် ၃၃ နှစ်အရွယ် ဝါရင့် ဗဟိုခံစစ်မှူး ဒေးဗစ်လူးဝစ် ကို အသင်းမှာ နောက်ထပ်တစ်ရာသီ ဆက်ရှိစေဖို့ တစ်နှစ်စာချုပ် သက်တမ်း ထပ်မံ တိုးမြှင့်ခဲ့ကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်း ကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဆီဘယ်လော့စ်ကိုလည်း ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေစေဖို့ လုပ်ဆောင်နိုင်ခဲ့ကြောင်း လန်ဒန်မြို့အခြေစိုက် သတင်းတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Standard

ဒါ့အပြင် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကမှ အသင်း ထံ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဗဟိုခံစစ်မှူး ပါဘလို မာရီကိုလည်း အပြီးသတ် ခေါ်ယူလိုက်နိုင်ပြီ လို့ သိရှိရပါတယ်။ ဖလာမင်ဂို အသင်းကနေ အာဆင်နယ်အသင်းထံကို ရာသီဝက် အငှားနဲ့ လာရောက် ကစားတဲ့ မာရီဟာ အာဆင်နယ် အသင်းမှာ ပွဲထွက်ခွင့် များများစားစား မရရှိ သေးပေမယ့် အာဆင်နယ်အသင်း နည်းပြ ဖြစ်သူ အာတီတာဟာ မာရီရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် မာရီကို အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ၄နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Standard

အာဆင်နယ်အသင်းဟာ မာရီကို အငှားနဲ့ ခေါ်ယူစဉ်က ဖလာမင်ဂိုအသင်းကို အငှားချခ ပေါင် ၄.၂၅သန်း ပေးချေခဲ့ရပြီး ယခု အပြီးသတ် ခေါ်ယူခွင့် ရဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈သန်း ပေးချေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းအများစုရဲ့ အဆိုအရတော့ အာဆင်နယ် အသင်းဟာ အဆိုပါ ပြောင်းရွှေ့ကြေး ပေါင် ၈ သန်းကို အရစ်ကျစနစ်နဲ့ ပေးချေသွားမှာ ဖြစ်ကြောင်း သိထားရပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ အသင်းထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ညာနောက်ခံလူ ဆီဒရစ်ကိုလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်နိုင်ပြီလို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းဟာ ဆီဒရစ်ကို လည်း မာရီနည်းတူ ၄နှစ်စာချုပ် ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။