MySport Myanmar

မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ ပွဲကနေ အကောင်းဆုံး သင်ခန်းစာ ရယူနိုင်ခဲ့တယ်လို့ အာတီတာ ဝန်ခံ

အာဆင်နယ်နည်းပြ အာတီတာက မန်ချက်စတာယူနိုက်တက်အသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ (၃)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့အသင်းအတွက် အကောင်းဆုံးသော သင်ခန်းစာတွေ ရရှိခဲ့တာကြောင့် ဒီသင်ခန်းစာတွေ လိုအပ်ချက်တွေကို သတိထား ပြင်ဆင်ရင်း သူတို့တွေ ရလဒ်တွေ ပြန်လည် ကောင်းမွန်လာခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

Photo Credit : Pain in the Arsenal

အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီအတွင်း ပရီးမီးယားလိဂ်မှာ ယူနိုက်တက် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ရပြီး ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းမှာ မြို့ခံကလပ်တွေဖြစ်တဲ့ စပါး ချယ်လ်ဆီးတို့အပြင် လီဗာပူးလ်တို့လို အသင်းတွေကိုပါ အနိုင်ယူခဲ့ပါတယ်။ ဒီနှစ်ရာသီမှာ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် (၁၃)ပွဲ ကစားထားပြီးချိန်မှာ (၁၁)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံး ရလဒ်မျိုးနဲ့ ဒုတိယနေရာက မန်စီးတီးအသင်းကို (၂)မှတ်ဖြတ်တောက်ထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေအတွင်း ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းနေရတာက ဒီရာသီရဲ့ တစ်ပွဲတည်းသော ရှုံးပွဲအပေါ်မှာ သင်ခန်းစာယူခဲ့တာကြောင့် ဖြစ်တယ်လို့ အာတီတာက ဝန်ခံလိုက်ပါတယ်။

Photo Credit : Manchester Evening News

“ကျွန်တော်တို့ အဲ့ဒီပွဲမှာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တယ်။ ကျွန်တော်တို့တွေ အဲ့ဒီပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ရလဒ်ကောင်းတစ်ခုကို မယူဆောင်ခဲ့တာကြောင့် ကျွန်တော်တို့အားလုံး ဒီသင်ခန်းစာကို တကယ် ကောင်းကောင်း သင်ယူနိုင်ခဲ့တယ်လို့ ထင်မိပါတယ်” ဆိုပြီး နည်းပြအာတီတာက ပြောကြားလိုက်ပါတယ်။ အာတီတာရဲ့ ပြောကြားချက်နဲ့ ပတ်သတ်ပြီး အာဆင်နယ် ဂိုးသမား ရမ်းစ်ဒဲလ်ကလည်း “အဲ့ဒီရှုံးပွဲက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ပြန်လည်သတ်မှတ်မှုတစ်ခု ဖြစ်စေခဲ့တယ်။ အဲ့ဒီရှုံးပွဲကနေ ကျွန်တော်တို့အသင်းက ရှုံးပွဲမရှိအောင် ကစားနိုင်သေးတဲ့ အသင်းမျိုး မဟုတ်သေးတာကို ပြသခဲ့တယ်။ အမှတ်ပေးဇယားမှာ အဆင့်ဘယ်လောက်နဲ့ပဲ ရပ်တည်နေနေ ကျွန်တော်တို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်တို့ ဘယ်အသင်းကိုမှ မရှုံးချင်ပါဘူး။ ဒါပေမယ့်လည်း ဒီရှုံးပွဲက အချိန်ကောင်းမှာ ရောက်လာခဲ့ပြီး ကျွန်တော်တို့တွေ တကယ်ကို ကောင်းကောင်းကြီး ပြန်လာနိုင်ခဲ့ပါတယ်” လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

Exit mobile version