ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းနှစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ လက်ရှိဘောလုံးရာသီမှာ စီးရီးအေကလပ် ရိုးမားအသင်းထံ အငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ မန်ယူအသင်းရဲ့ နောက်ခံလူ စမောလင်းရဲ့ အပြောင်းအရွှေ့အတွက် စတင်ပြီးတော့ ဆွေးနွေးနေပြီ လို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းဟာ အင်္ဂလန်နောက်ခံလူ စမောလင်းကို အသင်းရဲ့ ခံစစ်ကြောင်းမှာ အားထားရမယ့် ကစားသမား အဖြစ် ရှုမြင်နေပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အဓိကပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ လန်ဒန်မြို့အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Express.com

အသက်၃၀အရွယ် စမောလင်းဟာ လက်ရှိ ရာသီမှာ ရိုးမားအသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦးအဖြစ် ခြေစွမ်းပြသနေသူဖြစ်ပြီး စီးရီးအေပွဲစဉ် ၂၁ပွဲ ပါဝင်ကစားထားရာမှာ ၂ဂိုး သွင်းယူထားပြီး ၁ဂိုးဖန်တီးပေးထားနိုင်ခဲ့ကာ ဘောလုံးရှင်းထုတ်မှု ၉၅ကြိမ်အထိ လုပ်ဆောင် ပြထားနိုင်သူပါ။ လက်ရှိ အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ဒေးဗစ်လူးဝစ် ၊ ပါပါစတာသို စတဲ့ ကစားသမားနှစ်ဦးဟာ အသက်အရွယ် ရလာပြီဖြစ်သလို စိန့်အက်တီယန်အသင်းကနေ ခေါ်ယူထားတဲ့ ဆာလီဘာဟာလည်း ပရီးမီးယားလိဂ်မှာ အံဝင်ဖို့အတွက် အချိန်အနည်းငယ် ပေးရဖွယ်ရှိနေတာကြောင့် ဒေါင်ဒေါင်မြည် ဗဟို ခံစစ်ကစားသမားအဖြစ် ဟိုးဒင်းနဲ့ မူစတာဖီတို့ နှစ်ဦးသာ ကျန်ရှိနေပြီး အဆိုပါပြဿနာကို ဖြေရှင်းဖို့အတ​ွက် စမောလင်းကို အလိုရှိနေတာလဲ ဖြစ်ပါတယ်။

Photo Credit: Express.com

လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းဟာ စမောလင်းကို ခေါ်ယူဖို့အတွက် မန်ယူအသင်းထံကို စုံစမ်းမေးမြန်းထားကြောင်းနဲ့ မန်ယူအသင်းဘက်ကလည်း သူတို့အသင်းရဲ့ ခံစစ်ကြောင်းမှာ စမောလင်း အတွက် နေရာမရှိတော့ဘူးလို့ ယူဆနေတာကြောင့် စမောလင်းကို ရောင်းချဖို့အတွက် စတင် ဆွေးနွေးနေကြောင်း သိရပါတယ်။ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက် အရ မန်ယူအသင်းဟာ စမောလင်းအတွက် ပြောင်းရွှေ့ကြေး ပေါင်၂၅သန်း အလိုရှိနေပြီး အာဆင်နယ်အသင်းဘက်ကတော့ ပြောင်းရွှေ့ကြေးကို ပေါင်၂၀သန်းဝန်းကျင်သာ ပေးချေလိုတာကြောင့် ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရဖို့ ရှိနေကာ စမောလင်းဘက်က အာဆင်နယ် အသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ် လို့ သိထားရပါတယ်။