အာဆင်နယ်အသင်းကတော့ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်ယို့စ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့သလို ဒီဆောင်စျေးကွက်အတွင်းမှာပဲ နောက်ထပ်ရီးရဲလ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မာတင်အိုဒီဂတ်ကိုပါ ထပ်မံအငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူအိုဇေးရဲ့ ယာယီအစားထိုးသွားဖွယ် ရှိနေပါတယ်။

Photo Credit : Arseblog News

အာဆင်နယ်အသင်းဟာ ဒီရက်ပိုင်းလေးအတွင်းမှာပဲ သူတို့အသင်းရဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် မက်ဇတ်အိုဇေးနဲ့ စာချုပ်ဖျက်သိမ်းလိုက်ကာ အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် သူရဲ့နေရာအတွက် နောက်ထပ်ကွင်းလယ်ဖန်တီးရှင်တစ်ဦးကို အလိုရှိနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အိုဇေးနေရာမှာ အစားထိုးဖို့အတွက် နောဝစ်ချ်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား အယ်မီဘွန်ဒီယာကို ပစ်မှတ်ထားနေတာဖြစ်သလို လတ်တလောမှာ အနာဂတ်ပိုင်း လှုပ်ခတ်လျက်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့် အိုဒီဂတ်ကိုလည်း ခေါ်ယူသွားဖို့ မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၂)နှစ်အရွှယ်သာရှိသေးတဲ့ နော်ဝေလက်ရွေးစင်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အိုဒီဂတ်ဟာ ၂၀၁၅ခုနှစ်ကမှ နော်ဝေကနေ ရီးရဲလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရီးရဲလ်လူငယ်အသင်းကနေ သူရဲ့ဥရောပကစားသမားဘဝကို စတင်ခဲ့ကာ နယ်သာလန်ကလပ်အသင်းတွေဖြစ်တဲ့ ဟီရန်ဗင်းနဲ့ ဗွီတက်ဆီတို့မှာ အငှားကစားခဲ့ရသလို မနှစ်ကဘောလုံးရာသီမှာလည်း ရီးရဲလ်ဆိုစီဒက်မှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ရီးရဲလ်အသင်းက ကစားသမားသစ်တွေကို ခေါ်ယူခြင်းမရှိခဲ့တဲ့အတွက် အိုဒီဂတ်ကိုလည်း ထပ်မံအငှားချခြင်း မပြုတော့ပဲ အသင်းမှာသာ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်နည်းပြဇီဒန်းက အိုဒီဂတ်ကို ဒီရာသီအတွင်း လာလီဂါပွဲ(၂)ပွဲမှာပဲ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့သလို အခုချိန်ထိ ပြိုင်ပွဲစုံမှာလည်း (၉)ပွဲသာ အသုံးပြုထားခဲ့တာကြောင့် ကစားသမားကိုယ်တိုင်ပါ ဒီအခြေအနေကို စိတ်ပျက်လို့နေပြီး အသင်းကနေ ထွက်ခွာသွားချင်နေပါတယ်။ ဒီလို အသင်းနဲ့ လမ်းခွဲချင်နေတဲ့ အိုဒီဂတ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေသလို ဒီအသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်နေပြီး စီဘယ်ယို့စ်အပြင် နောက်ထပ်ရီးရဲလ်ကစားသမားတစ်ယောက်ကိုပါ အငှားနဲ့ ခေါ်ယူနိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။