ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ ခံစစ်ကြောင်းအတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သူ ဂျူရီယန် တင်းဘားစ် အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် လုပ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ခံစစ်ပိုင်းမှာ ဆာလီဘာ ၊ ဂါဘရီရယ် ၊ ဘန်ဝှိုက် ၊ တိုမီယာစု ၊ ဟိုးဒင်း ၊ ဇင်ချန်ကို ၊ တီယာနေး ၊ ကီဝီရော စတဲ့ ခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် တီယာနေးနဲ့ ဟိုးဒင်းတို့ရဲ့ အနာဂတ်တွေက သိပ်မရေရာတာကြောင့် အေဂျက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တင်းဘားစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာပါ။

Photo Credit: Goal

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဂျူရီယန် တင်းဘားစ်က ဗဟိုခံစစ်နေရာမှာရော ညာနောက်ခံနေရာမှာပါ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို အရပ်အမြင့် ၅ပေ ၉လက်မသာ ရှိပေမယ့် ပြိုင်ဘက်တိုက်စစ်မှူးတွေနဲ့ အမြင့်ဘောတွေ ယှဉ်လုနိုင်စွမ်းလည်း ရှိပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာက သူ့အသင်းရဲ့ ဗဟိုခံစစ်အတွက် တင်းဘားစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး တင်းဘားစ်ကလည်း ယခုနွေဈေးကွက် အတွင်းမှာ အေဂျက်ကို စွန့်ခွာကာ ဥရောပ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ အာဆင်နယ်က တင်းဘားစ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်သလို အေဂျက်ဆီလည်း ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့ထားပြီး အေဂျက်က တင်းဘားစ်အတွက် ပေါင် ၅၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အာဆင်နယ်ဟာ တင်းဘားစ်ကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး အာဆင်နယ်က တင်းဘားစ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ဖို့ မခက်ကြောင်းလည်း ဆိုပါတယ်။