အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်တိုက်စစ်ပိုင်း အတွက် လက်စတာအသင်းရဲ့ အဓိက ကွင်းလယ်လူ မက်ဒီဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းကို ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး အသင်းရဲ့ အမာခံ ကစားသမားတွေ ဖြစ်တဲ့ ချာကာ ၊ ဘယ်လာရင် ၊ လာကာဇက် စတဲ့ ကစားသမားတွေကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေသလို အနိမ့်ဆုံး ကစားသမားသစ် ၅ဦးခန့်ကိုလည်း ခေါ်ယူဖို့ ရှိပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူနေရာ အတွက် ဘင်ဖီကာအသင်းရဲ့ လူငယ် ဘယ်နောက်ခံလူ တာဗာရက်ကို ခေါ်ယူထားနိုင်သလို ချာကာ ထွက်ခွာသွားပါက လစ်လပ်သွားမယ့် ကွင်းလယ်အထိုင် တနေရာအတွက်လည်း အန်ဒါလက်ချ်အသင်းရဲ့ အသင်းခေါင်းဆောင် လိုကွန်ညာကို ခေါ်ယူနိုင်ခဲ့ပါတယ်။

အဲ့ဒါအပြင် အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်းအတွက် ဘရိုက်တန်အသင်းရဲ့ အင်္ဂလန် နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ လက်စတာအသင်းရဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆန်ကိုပါ ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ မစ်လန်တန်နိုင်းလ်နဲ့ နယ်လ်ဆန်တို့ကို အလိုက်ပေးကာ မက်ဒီဆန်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အဆိုပါ ကစားသမားနှစ်ဦး အပြင် နောက်ထပ် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းကိုလဲ အလိုက်ပေးဖို့ ရှိနေကြောင်း သိရပါတယ်။

လက်စတာအသင်း ကတော့ သူတို့အသင်းရဲ့ ကစားသမားကို အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ရရှိမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဒီအပြောင်းအရွှေ့မှာ မက်ဒီဆန်ရဲ့ ဆုံးဖြတ်ချက်ကသာ အရေးပါကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။