ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က ယမန်နေ့မှာ ချန်ပီယံရှစ်ကလပ် ကျူပီအာနဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ရာမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ်လို့ သိရှိရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်က ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိထားတာကြောင့် အာဆင်နယ်ရဲ့ အဓိက ကစားသမား အများအပြားဟာ နိုင်ငံအသင်းတွေနဲ့ ပူးပေါင်းကာ နိုင်ငံတကာခြေစမ်းပွဲတွေ ကစားနေကြပါပြီ။

Photo Credit: Arsenal

ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပွဲကစားချိန် ပေးနိုင်ဖို့ အာဆင်နယ်က ကျူပီအာနဲ့ တံခါးပိတ်ခြေစမ်းပွဲ လုပ်ဖို့ စီစဉ်ခဲ့ပြီး ယမန်နေ့မှာ အာဆင်နယ်နဲ့ ကျူပီအာတို့က တံခါးပိတ်ခြေစမ်းပွဲ ကစားခဲ့ကြပါတယ်။

အာဆင်နယ်နဲ့ ကျူပီအာတို့ရဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ မကြာသေးခင်ကမှ ဒဏ်ရာတွေ ကနေ ပြန်လည် သက်သာလာတဲ့ သောမတ်စ် ပါတေးနဲ့ တိုမီယာစုတို့က အာဆင်နယ် အတွက် ဝင်ကစားပေးခဲ့ကြပြီး သူတို့နှစ်ဦးက အာဆင်နယ်ရဲ့ ယူ-၂၁ ကစားသမားတွေနဲ့ ပူးပေါင်းကာ ကျူပီအာကို ရင်ဆိုင် ကစားခဲ့ကြတာပါ။

Photo Credit: Standard

အဆိုပါပွဲမှာ သောမတ်စ် ပါတေးက မိနစ် ၆၀ ဝန်းကျင်နဲ့ တိုမီယာစုက ၄၅မိနစ် ဝန်းကျင် အသီးသီး ဝင်ရောက် ကစားခဲ့ကြပေမယ့် အာဆင်နယ်က ကျူပီအာဘက်ကို သွင်းဂိုး တဂိုးတောင် မသွင်းနိုင်ခဲ့သလို ပေးဂိုး ၄ဂိုး အထိ ခွင့်ပြုပေးခဲ့ရတာကြောင့် ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

တံခါးပိတ်ခြေစမ်းပွဲမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်နဲ့ နီးစပ်သူတွေကတော့ ခြေစမ်းပွဲမှာ လူငယ် ကစားသမား အများအပြားရဲ့ ခြေစွမ်းတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကြောင့် တံခါးပိတ်ခြေစမ်းပွဲဟာ အာဆင်နယ် အတွက် အကျိုးရှိခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့ကြောင်း ဆိုထားပါတယ်။